ကရင်နီ(ကယား)ပြည်နယ်နှင့်နယ်စပ် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြိုနယ်အတွင်းရှိ လွယ်ပေါကျေးရွာကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်များ ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးနေကြရကြောင်း သိရသည်။
လွယ်ပေါကျေးရွာကို ဝင်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ဆောင်နန်းခဲရွာနှင့် လွယ်မကူးတောင်ပေါ်တွင်တပ်စွဲထားသော တပ်ဖွဲ့များမှဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာကို ဝင်ရောက်၍ ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဖယ်ခုံ PDF တပ်ရင်း ၂ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရွာတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် အသက် ၄၀ ဝန်းကျင် ဒေသခံတစ်ဦး လက်မောင်းတွင် သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် မြို့ရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များ မီးရှို့ခြင်း၊ တိုက်ပွဲမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်နေသည့်အတွက် ၎င်းတို့စစ်ကြောင်းဝင်လာသည်နှင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။