NUG နှင့် စကစ၏ အတိုက်အခံများကို ထိတွေ့ဆက်ဆံရန် မလေးရှားက အာဆီယံနိုင်ငံများကို တိုက်တွန်း

NUG နှင့် စကစ၏ အတိုက်အခံများကို ထိတွေ့ဆက်ဆံရန် မလေးရှားက အာဆီယံနိုင်ငံများကို တိုက်တွန်း
သြဂုတ် 11, 2022 | နိုင်ငံတကာသတင်း
By Mr John

မြန်မာနိုင်ငံ၏ တုံ့ဆိုင်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် တိကျသေချာသည့် အဆုံးသတ်တစ်ခုကို မလေးရှားနိုင်ငံက လိုလားကြောင်းနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း စစ်အုပ်စု၏ အတိုက်အခံများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရန် အားပေးကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ (၁၀) ရက်နေ့တွင် ပြောသည်။

အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မအောင်မမြင်ဖြစ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ်  ပွင့်ပွင့်လင်းလင်း မှတ်ချက်ပြုပြောဆိုလေ့ရှိသူ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuiddun Abdullah က မြန်မာစစ်အုပ်စုကို ဒေါသထွက်နေခဲ့ပြီး ပိုမိုထိရောက်မှုရှိစေရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်သက်တမ်းမှာ တစ်နှစ်ထက် ပိုမို ရှည်ကြသင့်ကြောင်းလည်း ထောက်ပြခဲ့သည်။

  AFP/Mohd Rasfan

အာဆီယံအဖွဲ့ဝင်များက မြန်မာပြည်သူများကို စိတ်ဓာတ်ရေးရာ အားပေးမှုနှင့် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အတိုက်အခံအုပ်စုများနှင့် ထိတွေ့ဆက်ဆံမှုက အရေးအကြီးဆုံးဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဥ်အတွင်း ဝန်ကြီး Saifuiddun Abdullah က သုံးသပ်ခဲ့သည်။

"အခုက တစ်ဖက်သတ်ဖြစ်နေတယ်။ ကျွန်တော်တို့က စစ်အုပ်စုနဲ့ပဲ ထိတွေ့ဆက်ဆံနေကြတယ်" ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။ 

ထို့အပြင် မြန်မာ့အရေးကို အာဆီယံတစ်ခုတည်းက မလုပ်ဆောင်နိုင်ပါက မိမိတို့အနေဖြင့် အာဆီယံ၏ ဆွေးနွေးဖက် မိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရနိုင်ကြောင်း ၎င်းကပြောခဲ့ပြီး နိုင်ငံအမည်များကိုမူ ထုတ်မပြောခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီစနစ် ဖော်ဆောင်နေမှု ပျက်သုဥ်းခဲ့ရပြီး ကသောင်းကနင်း အ‌ခြေအနေများ၊ အထွေထွေအကျပ်အတည်းများ၊ နေ့စဥ်ဘဝ မလုံခြုံမှုများနှင့် အကြမ်းဖက်မှုများ ကြုံတွေ့နေရသည်။

စစ်တပ်အာဏာသိမ်းမှုကို နိုင်ငံတဝန်း ဆန္ဒပြဆန့်ကျင်မှုများ အကြီးအကျယ်ပေါ်ပေါက်လာခဲ့ရာ စစ်အုပ်စု၏ တပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ 

ထို့နောက် စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်မှုများ နိုင်ငံ၏‌ နေရာအနှံ့အပြားတွင် ရှိလာခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးများမှာ ၎င်းတို့ကို တော်လှန်မှုပြင်းထန်လှသည့် တော်လှန်ရေးအင်အားစုများနှင့် ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် (၁၈) လအတွင်း စစ်အုပ်စု၏ တပ်ဖွဲ့များက အရပ်သား ၂,၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ကို ဆန့်ကျင်သူ ၁၄,၀၀၀ ကျော်ကို မတရားသဖြင့် ဖမ်းဆီးခဲ့သည်။ ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာနိုင်ငံအတွင်း နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ (၁) သန်းကျော်ရှိနေပြီဟု သိရသည်။

Source: Reuters