ရုရှားနိုင်ငံက ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာအာကာသစခန်းတွင် ပါဝင်နေမှုကနေ နုတ်ထွက်တော့မည်ဖြစ်ပြီး ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်သွားမည်ဟု ပြောကြားလိုက်သည်။
ရုရှားအာကာသအေဂျင်စီ Roskosmos ၏ အကြီးအကဲသစ် Yuri Borisov က အေဂျင်စီအနေဖြင့် ထိုအချိန်အထိ တာဝန်ဝတ္တရားများအားလုံးကို လေးစားလိုက်နာသွားမည်ဟု ဆိုသည်။
နိုင်ငံတကာ အာကာသစခန်း International Space Station (ISS) ပေါ်တွင် အမေရိကန်နှင့် ရုရှားတို့က အခြား မိတ်ဖက်နိုင်ငံများနှင့်အတူ ၁၉၉၈ ခုနှစ်ကတည်းက အတူတကွ အောင်မြင်စွာ အလုပ်လုပ်ကိုင်နေခဲကြခြင်း ဖြစ်သည်။
သို့သော် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဆက်ဆံရေး အဆင်မပြေမှုများရှိလာခဲ့သည်။
အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုများကြောင့် ISS စီမံကိန်းကနေ နုတ်ထွက်မည်ဟု ရုရှားက ယခင်က ခြိမ်းခြောက်ခဲ့ဖူးသည်။
ပူးတွဲစီမံကိန်းတစ်ခုဖြစ်သည့် ISS စီမံကိန်းတွင် အာကာသအေဂျင်စီ (၅) ခု ပါဝင်လုပ်ကိုင်နေကြပြီး ၁၉၉၈ နှစ်ကတည်းက ကမ္ဘာပတ်လမ်းကြောင်းတွင် ရှိနေခဲ့သည်။
ISS ပေါ်တွင် ထောင်နှင့်ချီသည့် သိပ္ပံစမ်းသပ်ချက်များ လုပ်ဆောင်ခဲ့ကြသည်။
နိုင်တကာအာကာသစခန်းကို ၂၀၂၄ ခုနှစ်အထိ လုပ်ငန်းလည်ပတ်ရန် သတ်မှတ်ထားခဲ့သော်လည်း အမေရိကန်က မိတ်ဖက်များအားလုံး၏ သဘောတူညီမှုနှင့်အတူ နောက်ထပ် (၆) နှစ် တိုးချဲ့လုပ်ကိုင်ရန် လိုလားနေခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစည်းအဝေးတစ်ခုတွင် ISS မှ နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို Borisov က တင်ပြခဲ့ခြင်းဖြစ်သည်။
"ဒီအချိန်ကစပြီး ရုရှားအာကာသစခန်းတစ်ခု စတင်တည်ဆောက်သွားဖို့ ကျွန်တော် စဥ်းစားပါတယ်။ အာကာသစခန်းသစ်က အေဂျင်စီရဲ့ ထိပ်တန်းဦးစားပေး ဖြစ်ပါတယ်" ဟု သမ္မတပူတင်ကို တင်ပြခဲ့ကြောင်း Borisov က ဆိုသည်။
သမ္မတပူတင်က "ကောင်းပြီ" ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။
NASA အကြီးတန်းအရာရှိတစ်ဦးက Reuters သတင်းဌာနကို ပြောကြားမှုအရမူ အမေရိကန်အာကာသအေဂျင်စီ အနေဖြင့် ရုရှားထံမှ တရားဝင် အကြောင်းကြားမှု မရရှိသေးကြောင်း သိရသည်။
ISS ပေါ်တွင် ရုရှားနှင့် အမေရိကန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုမှာ ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်ပုံမရဟု ဆိုသည်။
ယခုလအစောပိုင်းတွင် ရုရှားအာကာသယာဥ်မှူးများ အမေရိကန်အာကာသယာဥ်ဖြင့် ISS သို့ သွားရောက်ရန် နှစ်နိုင်ငံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုသဘောတူညီချက်က ISS အစီအစဥ်၏ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်လိမ့်မည်ဟု ရုရှားအာကာသအေဂျင်စီက ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။
သို့သော် ယူကရိန်းစစ်ပွဲက ရုရှားနှင့် အနောက်အုပ်စုကြား အခြား ပူးပေါင်းဆောင်ရွက်မှုများကို ထိခိုက်မှုများရှိခဲ့သည်။
ဥရောပအာကာအေဂျင်စီ European Space Agency (ESA) က အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဥ် လွှတ်တင်ရန် ရုရှားအာကာသအေဂျင်စီ Roskosmos နှင့် ၎င်း၏ပူးပေါင်းလုပ်ကိုင်နေမှုကို အဆုံးသတ်လိုက်သည်။
ရုရှားကလည်း ၎င်း၏ Soyuz အာကာသယာဥ်ကို French Guiana ရှိ ESA ၏ အာကာသလွှတ်တင်ရေးစခန်းကနေ လွှတ်တင်မှုများ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
Source: BBC