စပိန်နှင့် ပေါ်တူဂီတွင် အပူလှိုင်းကြောင့် လူထောင်နှင့်ချီ သေဆုံးခဲ့

Photo by Salas/EPA-EFE
Photo by Salas/EPA-EFE
စပိန်နှင့် ပေါ်တူဂီတွင် အပူလှိုင်းကြောင့် လူထောင်နှင့်ချီ သေဆုံးခဲ့
ဇူလိုင် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

စပိန်နိုင်ငံတွင် ၂၀၂၂ ခုနှစ် နွေရာသီကာလ ဒုတိယအကြိမ် အပူလှိုင်းဖြတ်သည့် ပထမ (၈) ရက်အတွင်း လူ (၆၇၉) ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ (၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

Carlos III Health Institute (ISCIII) ၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ (၁၇) ရက် တစ်ရက်တည်းတွင် သေဆုံးသူ (၁၆၉) ဦးရှိခဲ့ကြောင်း သိရသည်။

အပူလှိုင်းဖြတ်စဥ် ဇူလိုင်လ(၁၀)ရက်နေ့မှ ဇူလိုင်လ(၁၇)ရက်နေ့အထိ (၈) ရက်အတွင်း သေဆုံးခဲ့သူ (၆၇၉) ဦးအနက် (၄၃၀) ဦးမှာ အသက် (၈၅) နှစ်အထက်၊ (၁၅၉) ဦးမှာ (၇၅) နှစ်နှင့် (၈၄) နှစ်ကြား၊ (၅၈) ဦးမှာ အသက် (၆၅) နှစ်နှင့် (၇၄) နှစ်ကြား အသက်အရွယ်ရှိသူများ ဖြစ်သည်။ 

စပိန်တွင် နွေရာသီကာလ ဒုတိယအကြိမ် အပူလှိုင်းဖြတ်မှုမှာ ဇူလိုင်လ (၁၉) ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး အပူချိန်များ အနည်းငယ်ကျဆင်းသွားခဲ့သော်လည်း အပူချိန်ကျဆင်းမှုမှာ ခေတ္တမျှသာဖြစ်နိုင်ပြီး ယခုသီတင်းပတ်ကုန်မတိုင်မီ နိုင်ငံ၏ နေရာအတော်များများ၌ အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်နိုင်ကြောင်း ခန့်မှန်းထားသည်။

စပိန်တွင် ၂၀၂၂ ခုနှစ် နွေရာသီတွင် ပထမအကြိမ် အပူလှိုင်းဖြတ်မှုကို ဇွန်လ (၁၁) ရက်မှ (၁၇) ရက်နေ့အထိ ကြုံခဲ့ရပြီး လူ (၈၂၉) ဦး သေဆုံးခဲ့ကြောင်း ISCIII က ပြောသည်။ 

ယခုနှစ်နွေရာသီတွင် အပူချိန်လွန်ကဲမှုကြောင့် စပိန်နိုင်ငံအတွင်း ယခုအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၅၀၈) ဦးရှိခဲ့သည်ဟု Xinhua သတင်းက ဖော်ပြသည်။

ဥရောပတွင် အပူလှိုင်းဖြတ်မှုအတွင်း အပူချိန်များ မြင့်တက်မှုနှင့်အတူ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်နှင့် ဂရိနိုင်ငံတို့တွင် ပြင်းထန်သည့် တောမီးလောင်မှုများ ဖြစ်ပွားနေပြီး လူဦးရေ ထောင်နှင့်ချီ နေအိမ်များမှ ရွှေ့ပြောင်းခဲ့ကြရသည်။ 

ပေါ်တူဂီတွင် အပူလှိုင်းဖြတ်မှုအတွင်း လူ (၁,၀၀၀) ကျော် သေဆုံးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မကြာခဏနှင့် ပိုမိုပြင်းထန်သည့် အပူလှိုင်းများကို ဖြစ်စေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ 

လူသားများကြောင့် ဖြစ်လာသည့် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်မှုများ၊ ပြင်းထန်သည့် တောမီးလောင်မှုများ လာမည့် (၂၈) နှစ်အတွင်း (၃၀) ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ကုလသမဂ္ဂက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုက ဖော်ပြသည်။

Source: Xinhua, Axios