သီရိလင်္ကာအစိုးရက နိုင်ငံ၏ အကျပ်အတည်းအခြေအနေ အဖြစ်မှန်များကို ဖုံးကွယ်ထားခဲ့

ယာယီသမ္မတအဖြစ် တာဝန်ယူထားသူ Ranil Wickremesinghe [Photo: REUTERS/Dinuka Liyanawatt]
ယာယီသမ္မတအဖြစ် တာဝန်ယူထားသူ Ranil Wickremesinghe [Photo: REUTERS/Dinuka Liyanawatt]
သီရိလင်္ကာအစိုးရက နိုင်ငံ၏ အကျပ်အတည်းအခြေအနေ အဖြစ်မှန်များကို ဖုံးကွယ်ထားခဲ့
ဇူလိုင် 20, 2022 | နိုင်ငံတကာသတင်း
By Mr John

သီရိလင်္ကာနိုင်ငံ၏ ယခင်အစိုးရက ဘဏ္ဍရေးအကျပ်အတည်းနှင့် ပတ်သက်၍ အဖြစ်မှန်များကို ဖုံးကွယ်ထားခဲ့ကြောင်း ယာယီသမ္မတအဖြစ် တာဝန်ယူထားသူ Ranil Wickremesinghe က ထုတ်ဖော်ပြောခဲ့သည်။ 

ခေါင်းဆောင်ဟောင်း Gotabaya Rajapaksa ၏ အစိုးရက သီရိလင်္ကာမှာ ချွတ်ခြုံကျမွဲသွားပြီဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund (IMF) ထံမှ အကူအညီယူရမည်ဆိုသည့် အမှန်တရားကို မပြောခဲ့ဟု ဆိုသည်။

"သူတို့ ဘာတွေခံစားနေရတယ်ဆိုတာ ကျွန်တော် သိတယ်လို့ ပြည်သူတွေကို ပြောချင်ပါတယ်။ ကျွန်တော်တို့ နောက်ပြန်သွားခဲ့ကြတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲတင်ရမယ်။ ငါးနှစ် ဒါမှမဟုတ် ၁၀ နှစ် မလိုပါဘူး။ လာမယ့်နှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ တည်ငြိမ်စပြုရအောင်ပါ။ ပြီးရင် ၂၀၂၄ ခုနှစ်မှာ စီးပွားရေးလည်ပတ်မှုရှိပြီး တိုးတက်မှုစတင်ပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

ယာယီသမ္မတ Wickremesinghe က သီရိလင်္ကာ၏ အုပ်ချုပ်ရေးမြို့တော် Sri Jayawardenepura Kotte မြို့ကနေ CNN သတင်းဌာနကို ဇူလိုင်လ (၁၈) ရက်နေ့တွင် ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်လာခဲ့မှုနှင့်အတူ နိုင်ငံမှ ထွက်ပြေးသွားခဲ့သည့် သမ္မတဟောင်း Gotabaya က ထိုစဥ်က ဝန်ကြီးချုပ်ဖြစ်သူ Wickremesinghe ကို ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။

Gotabaya နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီးနောက် ၎င်းနှင့်စကားပြောခဲ့ကြောင်း၊ သို့သော် မော်လ်ဒိုက် မှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိသွားခဲ့သည့် သမ္မတဟောင်းမှာ စင်ကာပူတွင် ဆက်ရှိနေသည် သို့မဟုတ် အခြားနိုင်ငံသို့ ရောက်သွားသည်ကို မသိရှိကြောင်း Wickremesinghe က ဆိုသည်။ 

ယခုအခါ Wickremesinghe က သမ္မတသစ်ဖြစ်လာရန် ပြိုင်ဆိုင်နေပြီး သီရိလင်္ကာလွှတ်တော်က ဇူလိုင်လ (၂၀) ရက်နေ့တွင် သမ္မတသစ်ရွေးချယ်ခန့်အပ်မည်ဟု သိရသည်။

သီရိလင်္ကာဝန်ကြီးချုပ်အဖြစ် (၆) ကြိမ် တာဝန်ယူခဲ့ဖူးသည့် ဝါရင့်နိုင်ငံရေးသမား Wickremesinghe ကို လက်ရှိ အာဏာရပါတီ Sri Lanka Podujana Peramuna က ထောက်ခံထားပြီး ၎င်းအနေဖြင့် အခြားပြိုင်ဘက် အနည်းဆုံး (၂) ဦးနှင့် ယှဥ်ပြိုင်ရမည်ဖြစ်သည်။ 

ထိုအတောအတွင်း သီရိလင်္ကာ အတိုက်အခံခေါင်းဆောင် Sajith Premadasa က သမ္မတနေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ခြင်း မပြုတော့ကြောင်း ဇူလိုင်လ (၁၉) ရက်နေ့တွင် ကြေညာခဲ့ပြီး ယာယီသမ္မတ Wickremesinghe နှင့် ယှဥ်ပြိုင်မည့် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းကို ထောက်ခံသွားမည်ဟု ကတိပြုခဲ့သည်။

ကျောင်းသားများနှင့် အခြားအုပ်စုများကလည်း Wickremesinghe က သမ္မတဖြစ်ရန် ကြိုးပမ်းမှုကို ကန့်ကွက်ဆန္ဒပြပွဲကြီးတစ်ခု စီစဥ်ထားကြောင်းလည်း သိရသည်။ 

ဆန္ဒပြသူများက Wickremesinghe မှာ နိုင်ငံမှ ထွက်ပြေးသွားသော သမ္မတဟောင်း Gotabaya ၏ မဟာမိတ်တစ်ဦးဖြစ်ကြောင်း ရှုမြင်ထားကြသည်။ 

သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက် နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံနေခဲ့ရပြီး ရက်သတ္တပတ်များကြာ လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား၊ စားနပ်ရိက္ခာနှင့် အခြား မရှိမဖြစ် ပစ္စည်းများ ပြတ်လပ်မှုများ ဖြစ်ပေါ်နေခဲ့သည်။

အထွေထွေအကျပ်အတည်းများနှင့်အတူ သမ္မတ Gotabaya ကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြမှုများလည်း လနှင့်ချီကြာ နေ့စဥ်ရက်ဆက် ပေါ်ပေါက်နေခဲ့သည်။ 

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက သမ္မတနန်းတော်နှင့် ဝန်ကြီးချုပ်ရုံးအပါအဝင် အစိုးရအဆောက်အအုံများကို စီးနင်းဝင်ရောက်ခဲ့ကြပြီးနောက် သမ္မတ Gotabaya မှာ က ဇူလိုင်လ (၁၃) ရက်နေ့၌ နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။

ဆန္ဒပြသူများက သမ္မတ Gotabaya နိုင်ငံမှ ထွက်ပြေးသွားသည့် ဇူလိုင်လ (၁၃) ရက်နေ့တွင် ဝန်ကြီးချုပ် Wickremesinghe ၏ ဝန်ကြီးချုပ်ရုံးနှင့် အစိုးရ ရုပ်မြင်သံကြားဌာနကိုလည်း စီးနင်းဝင်ရောက်ခဲ့ကြသည်။ 

ဇူလိုင်လ (၁၃) ရက်နေ့က ဝန်ကြီးချုပ်ရုံးကို စီးနင်းဝင်ရောက်မှုနှင့် ဆန္ဒပြမှုများအတွင်း လူတစ်ဦး သေဆုံးပြီး (၈၄) ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲရန် ကြိုးပမ်းခဲ့မှုအတွင်း အသက် (၂၆) နှစ်ရွယ် အမျိုးသားတစ်ဦး အသက်ရှူကျပ်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

ဆန္ဒပြသူများက စီးနင်းဝင်ရောက်ခဲ့ကြသည့် သမ္မတနန်းတော်နှင့် ဝန်ကြီးချုပ်ရုံး အပါအဝင် အစိုးရအဆောက်အအုံများမှ ဇူလိုင်လ (၁၄) ရက်နေ့တွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။

Source: CNN, Reuters