ယူကရိန်းသမ္မတက ငယ်သူငယ်ချင်းဖြစ်သူ ပြည်တွင်းလုံခြုံရေးအကြီးအကဲကို ရာထူးမှ ဆိုင်းငံ့

Photo: REUTERS/Valentyn Ogirenko
Photo: REUTERS/Valentyn Ogirenko
ယူကရိန်းသမ္မတက ငယ်သူငယ်ချင်းဖြစ်သူ ပြည်တွင်းလုံခြုံရေးအကြီးအကဲကို ရာထူးမှ ဆိုင်းငံ့
ဇူလိုင် 19, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ယူကရိန်းသမ္မတ ဗိုလီဒီမြာ ဇီလန်းစကီးက ရာနှင့်ချီသည့် နိုင်ငံတော်သစ္စာဖောက်မှုနှင့် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှုများကို သက်သေအဖြစ် ရည်ညွှန်းကိုးကားပြီး ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲနှင့် ရှေ့နေချုပ်တို့ကို ရာထူးမှ ဆိုင်းငံ့ထားလိုက်ကြောင်း သိရသည်။ 

သမ္မတဇီလန်စကီး၏ ပြောကြားမှုအရ အရေးပါသည့် အဆိုပါ ဌာန (၂) ခုမှ ဝန်ထမ်းဟောင်း (၆၀) ကျော်က ယခုအခါ ရုရှားသိမ်းပိုက်ထားသည့် နယ်မြေများတွင် ယူကရိန်းကို ဆန့်ကျင်ပြီး အလုပ် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

နိုင်ငံတော်သစ္စာဖောက်မှုနှင့် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှု စုစုပေါင်း (၆၅၁) မှုကို အမှုဖွင့် စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။ 

ရာထူးမှ ဆိုင်းငံ့ခံရသည့် ယူကရိန်းလုံခြုရေးဌာန State Security Service (SBU) အကြီးအကဲ Ivan Bakanov နှင့် ရှေ့နေချုပ် Iryna Venediktova တို့က ယခုကိစ္စအပေါ် မှတ်ချက်မပေးကြောင်း BBC သတင်းက ဖော်ပြသည်။ 

"နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံအုတ်မြစ်တွေကို ဆန့်ကျင်တဲ့ ပြစ်မှုတွေ ဖြစ်လာတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲတွေကို အလွန် အလေးအနက် မေးခွန်းထုတ်ရမှာပါ" ဟု သမ္မတဇီလန်းစကီးက ဇူလိုင်လ (၁၇) ရက် ညပိုင်း ၎င်း၏ ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။ 

၂၀၁၄ ခုနှစ်တွင် ရုရှားက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ခရိုင်မီးယား (Crimea) ဒေသကို ကြီးကြပ်ခဲ့သူ SBU အကြီးအကဲဟောင်း Oleh Kulinych ကို မကြာသေးမီက နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်းလည်း ဇီလန်းစကီးက ဆိုသည်။ 

ရုရှားက သိမ်းပိုက်ခဲ့သည့် ခရိုင်မီးယားကို အနောက်အုပ်စုနှင့် ယူကရိန်းအစိုးရတို့က ယူကရိန်းနယ်မြေအဖြစ် ရှုမြင်ထားဆဲ ဖြစ်သည်။

ရုရှားကျူးကျော်မှု စတင်ခဲ့စဥ်က ထိပ်တန်းလုံခြုံရေးအရာရှိများကို ရာထူးမှ ဖယ်ရှားခဲ့ကြောင်းနှင့် ထိုဆုံးဖြတ်ချက်မှာ တရားမျှတကြောင်းကို ယခု ထင်ရှားစေခဲ့ပြီဟု ယူကရိန်းသမ္မတကဆိုသည်။ 

"နိုင်ငံတော်သစ္စာဖောက်မှုအဖြစ် ကြေညာဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေ စုဆောင်းထားပြီးပါပြီ။ သူ့ရဲ့ ရာဇဝတ်မှုအားလုံးကို မှတ်တမ်းတင်ထားပါတယ်" ဟု သမ္မတဇီလန်းစကီးက ပြောသည်။

ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲအဖြစ်မှ ဆိုင်းငံ့ခံရသည့် Ivan Bakanov မှာ ယူကရိန်းသမ္မတ ဇီလန်းစကီး၏ ငယ်သူငယ်ချင်းလည်း ဖြစ်သည်။ 

သမ္မတဇီလန်းစကီးက လုံခြုံရေးဌာနအကြီးအကဲနေရာကို အတွေ့အကြုံရှိသည့် လုံခြုံရေးအရာရှိနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန အကြီးအကဲ Vasyl Maliuk ကို အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။



Source: BBC, Reuters