ယူကရိန်းအရှေ့ပိုင်း Chasiv Yar မြို့ရှိ အထပ် (၅) ထပ်ပါ လူနေတိုက်ခန်းတွဲ အဆောက်အအုံကို ရုရှားဒုံးကျည် ထိမှန်ခဲ့ပြီးနောက် အနည်းဆုံး လူ (၁၅) ဦး သေဆုံးပြီး နောက်ထပ် (၂၀) ဦးခန့်မှာ အပျက်အစီးများအောက် ရောက်သွားနိုင်ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူတွေက ပြောသည်။
လူ (၅) ဦးကို အပျက်အစီးများထဲမှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။
ထိုအဆောက်အအုံကို ဇူလိုင်လ (၉) ရက်နေ့ ဒေသစံတော်ချိန် ညပိုင်းတွင် ရုရှားဒုံးကျည်ထိမှန်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်ကို ယူကရိန်း အရေးပေါ်ဌာန အရာရှိတစ်ဦးက ပြောကြားခြင်းဖြစ်သည်။
ဒုံးကျည်ထိမှန်ခဲ့သည့် လူနေတိုက်ခန်းတွဲ အဆောက်အအုံ၏ တစ်ဘက်ခြမ်းမှာ ပြိုကျသွားခဲ့ပြီး အပျက်အစီးများ တောင်လိုပုံကျန်ခဲ့သည်။
Chasiv Yar မြို့မှာ ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသ Kramatorsk မြို့အနီးတွင်ရှိကြောင်း သိရသည်။
ရုရှားတပ်ဖွဲ့တွေက Luhansk ဒေသကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်ရှိတွင် Donetsk ကို အဓိကထား ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။
ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ရန် ရည်မှန်းထားသည့် ရုရှားတပ်ဖွဲ့တွေက ထိုဒေသတွင် ပါဝင်ဖွဲ့စည်းထားသော Luhansk နှင့် Donetsk ကို သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒွန်ဘတ်စ်သည် ရုရှားနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဟု ပြောထားသည်။
Donetsk ဒေသ Chasiv Yar မြို့ရှိ လူနေတိုက်ခန်းတွဲကို ရုရှား၏ Uragan ဒုံးကျည်များ ထိမှန်ခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး Pavlo Kyrylenko က ပြောသည်။
အသက်ရှင်ကျန်သူတစ်ဦး ဖြစ်သည့် Lyudmila က Reuters သတင်းဌာနကို ပြောကြားမှုအရ တိုက်ခန်းတွဲကို ဒုံးကျည် (၃) စင်း ထိမှန်ခဲ့သည်ဟု ဆိုသည်။
၎င်းတို့ အဆောက်အအုံ၏ မြေအောက်ထပ်သို့ ထွက်ပြေးခဲ့ကြပြီး ထိုနေရာတွင် ဇူလိုင်လ (၁၀) ရက် နံနက်ပိုင်းရောက်ချိန်အထိ ခိုလှုံနေခဲ့ကြကြောင်း သိရသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ (၉) ရက်နေ့တွင် ပြောကြားခဲ့ရာ၌ ၎င်း၏ တပ်ဖွဲ့များက Chasiv Yar မြို့တွင် အမေရိကန်ထုတ် US M777 ဟောင်ဝစ်ဇာအမြောက်များ သိုလှောင်ထားရှိသည့် အဆောက်အအုံတစ်ခုကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
Chasiv Yar တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်ကို အတည်မပြုနိုင်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
Donetsk ဒေသ အရေးပေါ်ဌာနမှ Veronika Bakhal က BBC ကို ပြောကြားမှုအရ Chasiv Yar မြို့တွင် ဒုံးကျည်ထိမှန်ခဲ့သည့် အဆောက်အအုံ အပျက်အစီးအောက်၌ အနည်းဆုံး လူ (၂၀) ရှိနေဆဲဟု ယူဆရကြောင်း သိရသည်။
အပျက်အစီးအောက်မှ လူ (၃) ဦးနှင့် အဆက်အသွယ်ရခဲ့ကြောင်းနှင့် အသက်ရှင်နေသူများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို ကယ်ဆယ်ရန် ကြိုးပမ်းနေကြောင်း သူမက ပြောသည်။
Veronika Bakhal ၏ အဆိုအရ အနီးအနားရှိ နောက်ထပ် (၅) ထပ်ပါ လူနေတိုက်ခန်းတွဲတစ်ခုကိုလည်း ဒုံးကျည်ထိမှန်ခဲ့ပြီး အမိုးတစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ကြောင်းနှင့် မီးသတ်သမားများက အဆောက်အအုံတွင် မီးလောင်မှုကို ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုအဆောက်အအုံတွင်မူ လူသေဆုံးမှုမရှိခဲ့ဟု ဆိုသည်။
လက်ရှိတွင် ယူကရိန်းတပ်ဖွဲ့တွေက Kramatorsk နှင့် Slovyansk မြို့တို့တွင် ခံစစ်အားဖြည့်နေကြပြီး Donetsk ဒေသရှိ ထိုမြို့နှစ်မြို့မှာ ရုရှားထိုးစစ်၏ လမ်းကြောင်းတွင်ရှိနေကြသည်။
ဇူလိုင်လ (၁) ရက်နေ့ကလည်း ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယူကရိန်းတောင်ပိုင်း Odesa မြို့ Serhiyivka လူနေဒေသရှိ (၉) ထပ်တိုက်ခန်း အဆောက်အအုံတစ်ခုနှင့် အပန်းဖြေစင်တာတစ်ခုကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူ (၂၀) ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအစိုးရအရာရှိများက ပြောသည်။
တိုက်ခိုက်မှုအတွင်း ကလေး (၆) ဦး အပါအဝင် လူ (၃၈) ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။
#TachileikNewsAgency
Source: BBC, Reuters
Photo: PAVLO KYRYLENKO/REUTERS