ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှုတွင် လုံခြုံရေး အားနည်းချက်များရှိခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့ ဝန်ခံ

လုပ်ကြံခံရ ခါနီး မိနစ်ပိုင်းအလိုက ပုံဖြစ်သည်။ [ Photo: Theâ Asahiâ Shimbun/via Reuters]
လုပ်ကြံခံရ ခါနီး မိနစ်ပိုင်းအလိုက ပုံဖြစ်သည်။ [ Photo: Theâ Asahiâ Shimbun/via Reuters]
ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှုတွင် လုံခြုံရေး အားနည်းချက်များရှိခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့ ဝန်ခံ
ဇူလိုင် 10, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေး လုပ်ကြံသတ်ဖြတ်ခံရမှုတွင် လုံခြုံရေးအားနည်းချက်များရှိခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ဝန်ခံပြောကြားလိုက်သည်။ 

ဝန်ကြီးချုပ်ဟောင်းအဘေး အတွက် လုံခြုံရေးဆိုင်ရာ ပြဿနာများရှိခဲ့ကြောင်း ၎င်း၏ရုပ်အလောင်း မိသားစုနေအိမ်သို့ ပြန်ရောက်လာသည့် ဇူလိုင်လ (၉) ရက်တွင် ရဲတပ်ဖွဲ့က ဝန်ခံလိုက်ခြင်းဖြစ်သည်။ 

အဘေးမှာ ဇူလိုင်လ (၈) ရက်နေ့က နာရာမြို့တွင် အထက်လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း မိန့်ခွန်းပြောနေစဥ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် သေဆုံးခဲ့သည်။

ဂျပန်တွင် လူသိအများဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်သူ အဘေး လုပ်ကြံသတ်ဖြတ်ခံရမှုက တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ဝမ်းနည်းကြေကွဲကြရသည်။ 

ဝန်ကြီးချုပ်ဟောင်းအဘေးကို အနောက်ဘက်မှ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည့် အမျိုးသား၏ အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ 

သို့သော် အသက် (၄၁) နှစ်အရွယ် Tetsuya Yamaguchi အမည်ရှိ အမျိုးသားက ဝန်ကြီးချုပ်ဟောင်းအဘေးကို ပစ်သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပြီး အဘေးနှင့် ဆက်နွယ်နေသည့် ဘာသာရေးအုပ်စုတစ်ခုကို အငြိုးထားမုန်းတီးခဲ့ကြောင်း ပြောခဲ့သည်။

ထိုဘာသာရေးအုပ်စုကြောင့် ၎င်း၏မိခင်ဖြစ်သူ စီးပွားပျက်ခဲ့ရကြောင်းနှင့် လက်လုပ်သေနတ်ဖြင့် ဝန်ကြီးချုပ်ဟောင်းအဘေးကို တိုက်ခိုက်ရန် လနှင့်ချီကြာ ပြင်ဆင်နေခဲ့ကြောင်းလည်း Yamaguchi က ထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ (၉) ရက်နေ့တွင် မီဒီယာကို ထုတ်ပြန်ခဲ့သည်။ 

Yamaguchi ၏ နေအိမ်ကို ဝင်‌ရောက်ရှာဖွေခဲ့ရာတွင် သေနတ်နှင့်တူသည့် လက်လုပ်လက်နက်များ တွေ့ခဲ့ရသည်ဟု ဆိုသည်။ 

ဝန်ကြီးချုပ်ဟောင်းအဘေး၏ နာရာမြို့ခရီးစဥ်ကို အွန်လိုင်းတွင် လေ့လာသိရှိခဲ့ကြောင်း Yamagami က ထွက်ဆိုခဲ့သည်ဟု ရဲအရာရှိများက ပြောသည်။

ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွင် ၂၀၀၂ ခုနှစ်မှစပြီး (၃) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဟု ကိုယ်တိုင်ထွက်ဆိုထားသူ Yamaguchi က မိန့်ခွန်းပြောနေသည့် အဘေး၏အနီးသို့ တည်ငြိမ်စွာ ချဥ်းကပ်လာခဲ့ပြီး အနောက်ဘက်ကနေ ပစ်ခတ်လိုက်သည်ကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့ကြရသည်။

 ပစ်ခတ်မှုကြောင့် အဘေး၏ လည်ပင်းအောက်ဘက်နှင့် ရင်ဘတ်တွင် သေနတ်ဒဏ်ရာများရပြီး လဲကျသွားခဲ့သည်။ 

ထို့နောက် ဆေးရုံသို့ ရဟတ်ယာဥ်ဖြင့် အရေးပေါ်ပို့ဆောင်ခဲ့ပြီး အသက်ကယ်ရန် ကြိုးပမ်းခဲ့သော်လည်း သေဆုံးသွားခဲ့သည်။  

ယခုဖြစ်စဥ်တွင် ဝန်ကြီးချုပ်ဟောင်းအဘေးအတွက် လုံခြုံရေးဆောင်ရွက်ရာ၌ ငြင်း၍မရနိုင်သော အားနည်းချက်များရှိခဲ့ကြောင်း နာရာစီရင်စု ရဲတပ်ဖွဲ့အကြီးအကဲက ဇူလိုင်လ (၉) ရက်နေ့တွင် ဝန်ခံခဲ့သည်။ 

"ဝန်ကြီးချုပ်ဟောင်းအဘေးအတွက် စောင့်ကြပ်မှုနဲ့ လုံခြုံရေးအစီအမံတွေမှာ ပြဿနာတွေရှိခဲ့တယ်ဆိုတာ ငြင်းလို့မရဘူးလို့  ကျွန်တော် ယုံကြည်ပါတယ်" ဟု နာရာစီရင်စု ရဲတပ်ဖွဲ့အကြီးအကဲ Tomoaki Onizuka ပြောခဲ့ပြီး မခြွင်းမချန်ဘဲ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ 

"၁၉၉၅ ခုနှစ်မှာ ကျွန်တော် ရဲအရာရှိတစ်ယောက် ဖြစ်လာခဲ့ပြီးနောက် နှစ်များအားလုံးထဲမှာ ဒီဖြစ်စဥ်လောက် နောင်တကြီးစွာရခဲ့ရတာ၊ ကြီးစွာဝမ်းနည်းခဲ့ရတာ မရှိခဲ့ပါဘူး" ဟုလည်း ၎င်းက ဖွင့်ဟခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် အဘေးမှာ ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သူလည်း ဖြစ်သည်။ 

အဘေးက ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီးနောက် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ 

အဘေးက ulcerative colitis အူလမ်းကြောင်းရောဂါ ခံစားနေရကြောင်း နောက်ပိုင်းတွင် ပြောခဲ့သည်။

Source: AFP