အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမည် မဟုတ်

၂၀၁၉ခုနှစ်က ပုံဖြစ်သည်။  [ Photo: Sao Phal Niseiy ]
၂၀၁၉ခုနှစ်က ပုံဖြစ်သည်။ [ Photo: Sao Phal Niseiy ]
အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမည် မဟုတ်
ဇွန် 29, 2022
By Mr John

 အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ၎င်း၏ ဒုတိယအကြိမ် မြန်မာခရီးစဥ်အဖြစ် ယနေ့ ဇွန်လ (၂၉) ရက်နေ့တွင် ရောက်ရှိမည်ဖြစ်သည်။ 

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းကို ယခုခရီးစဥ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုမည်မဟုတ်ကြောင်း အာဏာသိမ်း စစ်အုပ်စု၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ (၂၈) ရက်နေ့တွင် ပြောခဲ့ကြောင်း သိရသည်။ 

  TANG CHHIN Sothy / AFP - အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း

ပရက်ဆော့ခွန်း၏ ပထမအကြိမ် မြန်မာခရီးစဥ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရခဲ့ပေ။

ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၃) ရက်အထိ (၅) ရက်ကြာ ယခုခရီးစဥ်အတွင်း ပရက်ဆော့ခွန်းက မည်သူတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးဟု ဆိုသည်။ 

ပရက်ဆော့ခွန်းက ၎င်း၏ခရီးစဥ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုရှိစေရေး သေချာစေရန် ဆွေးနွေးတိုက်တွန်းမည်ဟု Thai BPS သတင်းက ဇွန်လအစောပိုင်းတွင် ဖော်ပြခဲ့သည်။ 

အစောပိုင်းသတင်းများတွင်မူ ပရက်ဆော့ခွန်း၏ မြန်မာခရီးစဥ်ကို ဇွန်လ (၂၉) ရက်နှင့် (၃၀) ရက်တို့တွင်ဖြစ်ပြီး (၂) ရက်ကြာမည်ဟု ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် တက်ရောက်ခဲ့သည့် အာဆီယံအစည်းအဝေးတွင် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ 

သို့သော် အာဏာသိမ်း စစ်အုပ်စုက အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်လုံးကို အပြည့်အဝ အကောင်အထည်ဖော်ရန် အချိန်ဆွဲနေခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်တွင် ထိန်းသိမ်းထားခြင်းမပြုဘဲ မူလထားရှိသည့် နေအိမ်တွင် ပြန်လည်ထားရှိရန် စစ်အုပ်စုထံ ၎င်း၏ ခရီးစဥ်မတိုင်မီ ဇွန်လ (၂၇) ရက်နေ့က တောင်းဆိုခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအာဏာသိမ်းစစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းပြီးနောက် ပြစ်မှုအရေအတွက် အနည်းဆုံး (၂၀) ဖြင့် စွပ်စွဲထားပြီး အမှု (၆) မှုအတွက် စုစုပေါင်း ထောင်ဒဏ် (၁၁) နှစ် ပြစ်ဒဏ်ချမှတ်ထားပြီး ဖြစ်သည်။

ထို့အပြင် နောက်ထပ် အမှုအရေအတွက် တစ်ဒါဇင်ကျော်ကို ရင်ဆိုင်နေရပြီး အမှုအားလုံးအတွက် ပြစ်ဒဏ်ချမှတ်ခံရပါက ထောင်ဒဏ် နှစ်ပေါင်း (၁၅၀) ကျော် ဖြစ်နိုင်သည်ဟု ဆိုသည်။ 

ဇွန်လ (၂၂) ရက်နေ့တွင်မူ အသက် (၇၇) နှစ်အရွယ် ငြိမ်းချမ်း‌ရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ယခင်ထားရှိသည့် တည်နေရာလျှို့ဝှက်ထားသော နေအိမ်မှ နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့် တည်ဆောက်ထားသော အဆောင်တစ်ခုသို့ ရွှေ့ပြောင်းထိန်းသိမ်းခဲ့သည်။

စစ်အုပ်စု၏ ထိုလုပ်ရပ်ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာာအသိုင်းအဝိုင်းက ရှုတ်ချခဲ့ကြသည်။ 

အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က စစ်အုပ်စုကို စိတ်ပျက်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ Unity Government (NUG) ကို အသိအမှတ်ပြုရန် ခြေလှမ်းစလာခဲ့ကြသည်။ 

အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံက မကြာသေးမီက NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့သည်။

Source: AFP, Cambodianess