အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့၏ ဆင်ခြေဖုံးအရပ်တွင် စွန့်ပစ်ထားသည့် ကုန်တင်ယာဥ်တစ်စီးအတွင်း အနည်းဆုံး လူ (၅၀)ဦးကို သေဆုံးလျက်သား တွေ့ရှိရကြောင်း မြို့တာဝန်ရှိသူတွေက ပြောသည်။
အဆိုပါ ကုန်တင်ကားထဲတွင် အသက်ရှင်လျက် တွေ့ရသည့် ကလေးငယ် (၄) ဦး အပါအဝင် (၁၆) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မီးသတ်အရာရှိတစ်ဦးက ဆိုသည်။
သေဆုံးနေသူတွေထဲတွင်မူ ကလေးငယ်များ မပါဝင်ကြောင်း မီးသတ်ဌာနက ပြောသည်။
ဇွန်လ (၂၇) ရက်နေ့က ကုန်တင်ယာဥ်အတွင်း တွေ့ရှိရသူအားလုံးမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်ဟု ဆိုသည်။
အသက်ရှင်သူများမှာ ခန္ဓာကိုယ်အပူချိန် မြင့်တက်နေပြီး အပူရှပ်ခြင်းနှင့် အပူဒဏ်ကြောင့် အားအင်းကုန်ခမ်းနေကြကြောင်း သိရသည်။
ဆန်အန်တိုနီယိုမြို့မှာ အမေရိကန် - မက္ကစီကို နယ်စပ်မှ မိုင် (၁၅၀) အကွာတွင် တည်ရှိပြီး လူမှောင်ခိုသွင်းသူများအတွက် အဓိက လူအကူးအပြောင်း လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။
ဆန်အန်တိုနီယိုမြို့တွင် ဇွန်လ (၂၇) ရက်နေ့က အပူချိန် (၃၉.၄) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်နေခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။
လူကုန်ကူးသူတွေက အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို အစွန်အဖျား နေရာများတွင် ချိန်းဆိုတွေ့ဆုံပြီးနောက် အမေရိကန်နိုင်ငံအတွင်းသို့ ပို့ဆောင်ရန် အလုံပိတ် ကုန်တင်ယာဥ်များကို အသုံးပြုလေ့ကြသည်။
"သူတို့မှာ မိသားစုတွေရှိတယ်။ သူတို့က ပိုကောင်းတဲ့ဘဝတစ်ခု ရှာဖွေဖို့ ကြိုးစားခဲ့ကြဖွယ်ရှိတယ်။ ဒါက ကြောက်မက်ဖွယ် လူ့အဖြစ်ဆိုးတစ်ခုပါပဲ" ဟု ဆန်အန်တိုနီယိုမြို့တော်ဝန် Ron Nirenberg က ပြောသည်။
စွန့်ပစ်ထားသည့် ကုန်တင်ယာဥ်အနီးရှိ အဆောက်အအုံတစ်ခုတွင် အလုပ် လုပ်ကိုင်သူတစ်ဦးက အော်ဟစ်အကူအညီတောင်းသံ ကြားခဲ့ရပြီးနောက် စူးစမ်းကြည့်ရှုရန် ထွက်လာခဲ့သည်ဟု ဆိုသည်။
ထိုအလုပ်သမားက နောက်တွဲကုန်တင်ယာဥ် တံခါးမှာ အနည်းငယ်ပွင့်နေသည်ကို တွေ့ရပြီးနောက် အတွင်းဘက်ကို ကြည့်ခဲ့ရာ သေဆုံးနေသူ အများအပြားကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆန်အန်တိုနီယိုမြို့ ရဲတပ်ဖွဲ့အကြီးအကဲ William McManus က ပြောသည်။
ဆန်အန်တိုနီယိုမြို့တွင် အလားတူဖြစ်ရပ်များအနက် ယခုဖြစ်ရပ်က အကြီးမားဆုံးဖြစ်ကြောင်းနှင့် သံသရှိသူ (၃) ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဆယ်စုနှစ် (၂) ခုအတွင်း တက္ကဆက်ပြည်နယ်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို လူမှောင်ခိုသွင်းရာမှ အလားတူ ဖြစ်ရပ်ဆိုးများ ဖြစ်ခဲ့ဖူးသည်။
၂၀၁၇ ခုနှစ်ကလည်း ဆန်အန်တိုနီယိုမြို့ရှိ Walmart အရောင်းဆိုင်တွင် ရပ်ထားသော ကုန်တင်ယာဥ်တစ်စီးအတွင်း အပူဒဏ်ကြောင့် သေဆုံးနေသူ (၁၀) ဦးနှင့် အားအင်ကုန်ခမ်းပြီး ကိုယ်အပူချိန်တက်နေသူ ဒါဇင်နှင့်ချီ တွေ့ရှိခဲ့ရသည်။
ထိုကုန်တင်ယာဥ်၏ ယာဥ်မောင်းကို လွတ်ငြိမ်းချမ်းသာခွင့်မရှိ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်မှတ်ခဲ့ကြောင်း သိရသည်။
၂၀၀၃ ခုနှစ်အတွင်း တက္ကဆက်ပြည်နယ်မှာပင် ကုန်တင်ယာဥ်ထဲတွင် သေဆုံးနေသူ အသက် (၇) နှစ်မှ (၉၁) နှစ်အရွယ် လူ (၁၈) ဦးနှင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်နေသူ (၁၀၀) ခန့်ကို တွေ့ရှိခဲ့ရသည်။
ထိုဖြစ်ရပ်တွင် ယာဥ်မောင်းကို ကနဦး ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သော်လည်း (၂၀၁၁) ခုနှစ်တွင် ၎င်း၏ပြစ်ဒဏ်ကို ထောင်ဒဏ် (၃၄) နှစ်နီးပါးအဖြစ် ပြင်ဆင်ခဲ့သည်။
Source: BBC, CNN, Reuters
Photo: GETTY IMAGES, REUTERS/Go Nakamura,