စစ်ကောင်စီ၏ ရန်ကုန်တိုင်း ဝန်ကြီးချုပ် နှင့် စီးပွားရေးဝန်ကြီး အပြင်   ရန်ကုန်တိုင်းအုပ်ချုပ်ရေးမှူးတို့ကို ကျပ်သိန်းပေါင်း ထောင်ချီ လာဘ်စားမှုဖြင့် အဂတိ က အမှုဖွင့်

စစ်ကောင်စီ၏ ရန်ကုန်တိုင်း ဝန်ကြီးချုပ် နှင့် စီးပွားရေးဝန်ကြီး အပြင်   ရန်ကုန်တိုင်းအုပ်ချုပ်ရေးမှူးတို့ကို ကျပ်သိန်းပေါင်း ထောင်ချီ လာဘ်စားမှုဖြင့် အဂတိ က အမှုဖွင့်
ဇွန် 16, 2022

အာဏာသိမ်းစစ်အုပ်စုမှ ခန့်အပ်ထားပြီး လာဘ်စားမှုဖြင့် ဖမ်းဆီးခံထားရသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ စီးပွားရေးဝန်ကြီး နှင့် ရန်ကုန်တိုင်းအုပ်ချုပ်ရေးမှူး အပါအဝင် (၃)ဦးကို  လာဘ်စားမှုများဖြင့် အဂတိလိုက်စားမှု ဥပဒေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က  အမှုဖွင့်ထားကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စုက ခန့်ထားသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးလှစိုးနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် လည်းကောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည့် ရန်ကုန်တိုင်းအုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃နှင့် ပုဒ်မ ၅၆ အရလည်းကောင်း ၂၀၂၂ခုနှစ် ဇွန်လ(၁၄)ရက်နေ့က ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က  ဇွန်လ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဝန်ကြီးချုပ် ဦးလှစိုးနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့သည် ရန်ကုန်တိုင်းအတွင်း ရွှေပြည်သာ မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒလ မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များရှိ  မြေဧရိယာ ၂၆၂ ဧကခန့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော်ဆုံးရှုံးခဲ့ခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။





အလားတူ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည့် ရန်ကုန်တိုင်းအုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်သည် မြေလျှောက်ထားခြင်း၊ မြေကွက် ဈေးနှုန်းသတ်မှတ် ဆောင်ရွက်ခြင်းများတွင် ရောင်းချ မြေတန်ဖိုးများမှာ ကာလတန်ဖိုးအောက် များစွာလျော့နည်းနေသည်ကို တင်ပြမှုမရှိခဲ့ခြင်း နှင့် ဝယ်ယူခွင့်ရရှိသူအချို့နှင့် တိုက်ရိုက်ဆက်သွယ်၍ မြေနေရာချထားပေးနိုင်ရန် တင်ပြ ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့ဘဏ္ဍာငွေများဆုံးရှုံးစေခဲ့ရာတွင် ပါဝင်အားပေး ကူညီခဲ့သူဖြစ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃နှင့် ပုဒ်မ ၅၆ အရ ဖမ်းဆီး အမှုဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးလှစိုးသည်  အစိုးရမြေများ နေရာချထားပေးသည့် ကိစ္စများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦး ထံမှ ငွေကျပ်သိန်း ၂၅၀၀ ကို ငါးကြိမ်ခွဲ၍ လက်ခံရယူခဲ့သလို  ဦးအောင်သန်းဦးသည်  ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် တစ်ဦးမှ မြေကွက် လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ပေးအပ်ခဲ့သည့် ငွေကျပ်သိန်း ၅၀၀၀ ကို ၎င်း၏ နေအိမ်၌ (၆)ကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်းကြောင်း စစ်ကောင်စီ၏ ကော်မရှင်က ဆိုသည်။

ယင်းအပြင်  ဦးအောင်သန်းဦးသည်  တိုင်းဒေသကြီးအစိုးရ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသူ (၈)ဦး၊ အစိုးရပိုင် မြေများဝယ်ယူခွင့် ရရှိသူ (၃)ဦး၊ အခြားနည်း အသုံးပြုခွင့်ရရှိသူတစ်ဦးတို့ထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ် (Cooperate Social Responsibility - CSR) အတွက် စုစုပေါင်း ငွေကျပ် သိန်း ၉၅၀၀ ကျော် အား ကောက်ခံရယူခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန်ထားသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်တွင် အခြားစာရင်းရှင် ဖွင့်လှစ်ဆောင်ရွက်ရမည် ဖြစ်သော်လည်း အဆိုပါငွေများကို မြန်မာ့ ရှေ့ဆောင်ဘဏ်(MAB) တွင် ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့သလို ချက်လက်မှတ်များကို သိမ်းဆည်းထားခြင်းတို့သည် အစိုးရအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်ခြင်းပြုရာတွင် တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေးနစ်နာ ဆုံးရှုံးစေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်သည် အာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြေဧရိယာ ၃၂ ဧကကျော် အား အငြိမ်းစားပုဂ္ဂိုလ်တစ်ဦး၏အမည်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေကွက် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မြေကွက်ချထားပေးနိုင်ရေး တင်ပြဆောင်ရွက်ပေးခြင်း၊ မြေတန်ဖိုးနှင့် CSR ပေးသွင်းငွေများအား လျော့နည်း ပေးသွင်းစေရေး တို့အတွက် ကူညီ ဆောင်ရွက်ပေးခဲ့ပြီး မြေကွက်ဂရန်ရရှိပါက မြေကွက်ရောင်းချရရှိမည့် အကျိုးအမြတ်ငွေ အပေါ်မှ ၂၀ ရာခိုင်နှုန်းအား ပေးအပ်ရန် ညှိနှိုင်းသဘောတူညီခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်ကို ရယူရန်အားထုတ်ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း စစ်ကောင်စီ၏ ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီက  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုး ကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့က ရာထူးကနေ အနားပေးလိုက်သလို စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးအား ဇွန်လ(၁၀)ရက်နေ့က အနားပေးထားခြင်းဖြစ်ပြီး ဇွန်လ(၁၄)ရက်နေ့တွင် ၎င်းတို့ (၃)ဦး ကို အဂတိအမှုဖြင့် အမှုဖွင့်ထားကြောင်း စစ်ကောင်စီ၏ ကော်မရှင်က သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

အမှုဖွင့်ခံရသည့်  ဦးစိုးစိုးဇော်သည် ၂၀၂၀ ခုနှစ် ခုနှစ်ကတည်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သလို အဲ့ဒီမတိုင်မီက ရှမ်းပြည်နယ်၏ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး​ ရှမ်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် မြေယာကိစ္စများ အပေးအယူများ ရှိခဲ့သည်ဟု ဒေသတွင်းသတင်းများ ထွက်ပေါ်ခဲ့သေးသည်။