၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားလာသော အကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံတွင် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူအရေအတွက်မှာ သိသာစွာ တိုးလာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် (၁) သန်းကျော်ရှိလာကြောင်း ကုလသမဂ္ဂက ပြောသည်။
မိုးရာသီရောက်တော့မည်ဖြစ်ပြီး တိုက်ပွဲများပြင်းထန်နေရာ ဆိုးရွားသည့် အခြေအနေများဖြစ်နေကြောင်းလည်း ကုလသမဂ္ဂက သတိပေးထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း လူဦးရေ ၇၀၀,၀၀၀ နီးပါး ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကုလသမဂ္ဂရုံး UN Office for the Coordination of Humanitarian Affairs (UNOCHA) က မေလ (၃၁) ရက်နေ့တွင် ပြောခဲ့သည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြန်လည်တိုက်ခိုက်ရန် နိုင်ငံတဝန်း ဒေသအလိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြရာ စစ်အုပ်စုက ထိုအဖွဲ့များကို နှိမ်နင်းရန်အကြောင်းပြချက်ဖြင့် ကျေးရွာများကို မီးရှို့ခြင်း၊ လူအစုအပြုံလိုက်သတ်ဖြတ်ခြင်းနှင့် အရပ်သားများကို လေကြောင်းမှတိုက်ခိုက်ခြင်း အပါအဝင် အပြင်းအထန် တိုက်ခိုက်မှုများ လုပ်ဆောင်နေခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာ မသိမ်းမီကတည်းက စစ်တပ်၏ အကြမ်းဖက်မှုကြောင့် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူအရေအတွက်မှာ ခန့်မှန်းခြေအားဖြင့် ၃၄၆,၀၀၀ ရှိနေခဲ့ခြင်းလည်း ဖြစ်သည်။
ထိုအရေအတွက်တွင် ကာလရှည်ကြာ ဖြစ်ပွားနေခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်ကြား တိုက်ပွဲများကြောင့် ထိုင်းနှင့် တရုတ် နယ်စပ်များတစ်လျှောက် စစ်ဘေးရှောင်ရသူများနှင့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် စစ်တပ်က နယ်မြေရှင်းလင်းရေးဟုဆိုကာ ရက်စက်သည့်နှိပ်ကွပ်မှုများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသည့် ရိုဟင်ဂျာမွတ်စလင်မ်များ ပါဝင်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းတွင် မီးရှို့ခံရ သို့မဟုတ် ဖျက်ဆီးခံရသည့် အရပ်သားနေအိမ် ၁၂,၀၀၀ ကျော်ရှိခဲ့ကြောင်းနှင့် မိုးရာသီရောက်တော့မည်ဖြစ်ရာ နေအိမ်စွန့်ခွာပြီး ယာယီစခန်းများတွင် နေထိုင်နေရသူများအတွက် ပိုမိုဒုက္ခကြုံရမည့် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်ဟု UNOCHA က ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နေအိမ်စွန့်ခွာ ထွက်ပြေးရသူများအနက် ၃၀၀,၀၀၀ ကျော်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်တို့ ပုံမှန်တိုက်ပွဲများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ကိုင်းဒေသမှဖြစ်ကြောင်း UNOCHA ဖြည့်စွက်ပြောခဲ့သည်။
စစ်အုပ်စုက စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ထားပြီး ဆန်၊ ဆေးဝါးနှင့် လောင်စာဆီ သယ်ယူပို့ဆောင်ရေးကို အခက်အခဲဖြစ်စေသည့် ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်။
"ထိုနယ်မြေများတွင် ကျန်းမာရေးဝန်ဆောင်မှု၊ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းနှင့် ခိုလှုံရေးစခန်းများ အလွန်အမင်း လိုအပ်နေသေးကြောင်း UNOCHA က ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းကို ဖြေရှင်းအဆုံးသတ်ရန် သံတမန်ရေး အားထုတ်ကြိုးပမ်းမှုများကလည်း မအောင်မြင်သေးဘဲ ပျက်လုနီးပါးဖြစ်နေသည်ဟု ဆိုသည်။
စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ဆွေးနွေးမှုလုပ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး ယမန်နှစ်အတွင်း သဘောတူညီခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက်များကို စစ်အုပ်စုက အကြီးအကျယ် လစ်လျူရှုထားခဲ့သည်။
စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို အဆုံးထိတိုင် နှိမ်နင်းချေမှုန်းသွားမည်ဟု ယခုနှစ် မတ်လအတွင်း ပြောထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဆန့်ကျင်ကန့်ကွက်သူများကို စစ်အုပ်စုက ဖြိုခွင်းမှုအတွင်း လူ ၁,၈၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၁၃,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။
Source: AFP