ယူကရိန်းတွင် စစ်ရာဇဝတ်မှုဖြင့် ပထမဆုံး စွဲချက်တင်ခံရသည့် ရုရှားစစ်သားကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်

Photo: REUTERS/Viacheslav Ratynskyi
Photo: REUTERS/Viacheslav Ratynskyi
ယူကရိန်းတွင် စစ်ရာဇဝတ်မှုဖြင့် ပထမဆုံး စွဲချက်တင်ခံရသည့် ရုရှားစစ်သားကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်
By Mr John

ယူကရိန်းနိုင်ငံတွင် လက်နက်မဲ့ အရပ်သားတစ်ဦးကို သတ်ဖြတ်မှုကြောင့် ရုရှား၏ ကျူးကျော်မှုအတွင်း ပထမဆုံး စစ်ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံရသည့် ရုရှားစစ်သားတစ်ဦးကို မေလ (၂၃) ရက်နေ့က ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

အသက် (၂၁) နှစ်အရွယ် ရုရှားတင့်ကားတပ်ဖွဲ့မှ Vadim Shishimarin က Oleksandr Shelipov အမည်ရှိ အသက် (၆၂) နှစ်အရွယ် အရပ်သားတစ်ဦးကို ယူကရိန်းအရှေ့မြောက်ပိုင်း Chupakhivka ကျေးရွာတွင် ဖေဖေါ်ဝါရီ (၂၈) ရက်နေ့က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

Shishimarin သည် ၎င်း၏ အထက်အရာရှိက ရာဇဝတ်မှုမြောက်သော အမိန့်ပေးစေခိုင်းမှုကို လုပ်ဆောင်ခဲ့ပြီး သေဆုံးသူအရပ်သား၏ ဦးခေါင်းကို သေနတ်ဖြင့် တစ်ချက်ထက်မက ပစ်ခတ်ခဲ့ကြောင်း တရားသူကြီး Serhiy Agafonov က ပြောသည်။

"ကျူးလွန်ခဲ့တဲ့ပြစ်မှုက ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူသားမျိုးနွယ်နဲ့ နိုင်ငံတကာဥပဒေဆိုင်ရာအမိန့်တွေကို ဆန့်ကျင်ကျူးလွန်ခဲ့တဲ့ ပြစ်မှုဖြစ်ပါတယ်။ တရားရုံးအနေနဲ့ လျော့ပေါ့တဲ့ပြစ်ဒဏ် ချမှတ်လို့မရပါဘူး" ဟု တရားသူကြီးက ဆိုသည်။။

ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရသည့် ရုရှားစစ်သားက အပြာရောင်နှင့် မီးခိုးရောင် ခေါင်းစွပ်ပါ အားကစားသမားအင်္ကျီကို ဝတ်ဆင်ထားပြီး တရားရုံးအတွင်းရှိ မှန်အခန်းငယ်ထဲတွင် တိတ်ဆိတ်စွာထိုင်နေကာ ပြစ်ဒဏ်စီရင်ချက် ဖတ်ကြားစဥ် စိတ်လှုပ်ရှားမှုမရှိခဲ့ဟု ဆိုသည်။

စီရင်ချက်ကိုဖတ်ကြားစဥ် ခေါင်းငုံ့မတ်တပ်ရပ်ပြီး ဘာသာပြန်ထံမှ ဘာသာပြန်ဆိုပြောမှုကို နားထောင်ခဲ့ကြောင်း သိရသည်။

ရုရှားစစ်သား Shishimarin ၏ ရှေ့နေဖြစ်သူ Viktor Ovsyannikov ကမူ လူ့အဖွဲ့အစည်း၏ ဖိအားအချို့ရှိခဲ့တာကြောင့် ယခုပြစ်ဒဏ်ကို မအံ့ဩကြောင်းနှင့် အယူခံဝင်သွားမည်ဟု ပြောခဲ့သည်။

Shishimarin ၏ စစ်ရာဇဝတ်မှုကို မေလ (၁၃) ရက်နေ့တွင် စတင်ကြားနာခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့သောအမှုများ အများအပြားရှိလာမည်ဖြစ်ပြီး ယခုအမှုမှာ ပထမဆုံးတစ်ခုဖြစ်ကြောင်း အစိုးရရှေ့နေ Andriy Synyuk က ဆိုသည်။

ကျူးကျော်တိုက်ခိုက်မှုအတွင်း ရုရှားက အရပ်သားများကို ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်စွာ ပြုမူခဲ့ကြောင်းနှင့် ဖြစ်နိုင်ဖွယ်ရှိသည့် စစ်ရာဇဝတ်မှု ၁၃,၀၀၀ ကို ဖော်ထုတ်သိရှိထားကြောင်း ယူကရိန်းက စွပ်စွဲထားသည်။ 

ရုရှားဘက်ကတော့ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း သို့မဟုတ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ယူကရိန်းတွင် အထူးစစ်ဆင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောထားသည်။

Source: Reuters

Photo: REUTERS/Viacheslav Ratynskyi