ကြက်တူရွေး ကျေးရွာမှ ဒလန်ဆိုသူ သတ်ခံရပြီးနောက်  ဟင်္သာမကျေးရွာကို အာဏာသိမ်းစစ်အုပ်စုတပ်က လာရောက်ပြီး ထပ်မံ မီးရှို့

ပုံအညွှန်း - ဟင်္သာမကျေးရွာ မေလ(၂)ရက်နေ့က မီးရှို့ခံထားရသည့် ပုံဟောင်း  [ Photo: CJ ]
ပုံအညွှန်း - ဟင်္သာမကျေးရွာ မေလ(၂)ရက်နေ့က မီးရှို့ခံထားရသည့် ပုံဟောင်း [ Photo: CJ ]
ကြက်တူရွေး ကျေးရွာမှ ဒလန်ဆိုသူ သတ်ခံရပြီးနောက်  ဟင်္သာမကျေးရွာကို အာဏာသိမ်းစစ်အုပ်စုတပ်က လာရောက်ပြီး ထပ်မံ မီးရှို့

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ဟင်္သာမအုပ်စု၊ ကြက်တူရွေးကျေးရွာမှ ဒလန်ထွန်းသင်းဆိုသူ  အသတ်ခံရပြီးနောက် အာဏာသိမ်းစစ်အုပ်စု၏ တပ်က  ဟင်္သာမကျေးရွာကို ထပ်မံမီးရှို့နေကြောင်းသိရသည်။

ကျေးရွာအတွင်း စစ်တပ်လာရောက်ရန် ကိုယ်တိုင်သွားခေါ်သော ဒလန်ထွန်းသင်းကို မေလ(၁၆)ရက်နေ့ ည(၈)နာရီဝန်းကျင်က ဝက်လက်မြို့နယ်အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်တိုက်ဂါးအဖွဲ့မှ ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းအသတ်ခံရပြီးနောက် ယနေ့ နံနက်(၁၀)နာရီဝန်းကျင်က စစ်အုပ်စုမှ ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်တချို့ကို မီးရှို့နေကြောင်း သိရသည်။

"ရွာမြောက်ဘက်က တမာကုန်းနဲ့ မိန်းမလှကျွန်းကို ရှို့နေတာ။ တမာကုန်းက အိမ်ခြေ(၂၀)လောက်နေတယ်။ ဘယ်လောက်ပါသွားပြီလဲမသိဘူး"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

ပြီးခဲ့သည့် မေလ(၂)ရက်နေ့ကလည်း ဟင်္သာမကျေးရွာကို စစ်အုပ်စုက (၄)နေရာခွဲကာ မီးရှို့ဖျက်ဆီးခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဟင်္သာမကျေးရွာသည် စစ်တပ်၏ ဖျက်ဆီးခြင်းကို  (၇)ကြိမ်ထက်မနည်း ခံထားရသည်။