ရုရှားသမ္မတ ပူတင်က ယူကရိန်းတွင် ကာလရှည်ကြစစ်ပွဲအတွက် ပြင်ဆင်နေကြောင်း အမေရိကန်ထောက်လှမ်းရေး ပြောကြား

ရုရှားသမ္မတ ပူတင်က ယူကရိန်းတွင် ကာလရှည်ကြစစ်ပွဲအတွက် ပြင်ဆင်နေကြောင်း အမေရိကန်ထောက်လှမ်းရေး ပြောကြား
By Mr John

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းတွင် ကာလရှည်ကြာ စစ်ပွဲအတွက် ပြင်ဆင်နေပြီး အရှေ့ပိုင်းဒေသတွင် အောင်ပွဲရခြင်းသည်ပင် ပဋိပက္ခကို မပြီးဆုံးစေနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးက သတိပေးလိုက်သည်။ 

ရုရှားက နယ်မြေသိမ်းပိုက်ရန် ကြိုးပမ်းနေသည့် ယူကရိန်းအရှေ့ပိုင်းတွင် အပြင်းအထန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဥ် အမေရိကန်ထောက်လှမ်းရေးက ထိုသို့ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ယူကရိန်းကို ကျူးကျော်ပြီး ကိဗ်မြို့တော်ကို အလျင်အမြန်သိမ်းပိုက်ရန် စီစဥ်ခဲ့သော်လည်း ယူကရိန်း၏ ခုခံတွန်းလှန်မှုကြောင့် ရုရှားတပ်ဖွဲ့တွေ ထိုနေရာတဝိုက်မှ ပြန်ဆုတ်ခွာခဲ့ပြီး ယခုအခါ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်နိုင်ရေး ပြန်လည်အာရုံစိုက် ထိုးစစ်ဆင်နေသည်။ 

ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း ရုရှားတပ်ဖွဲ့တွေက ဒွန်ဘတ်စ်ကို သိမ်းယူနိုင်ရေး ရှေ့မတိုးနိုင်ဖြစ်နေဆဲဟု အမေရိကန်ထောက်လှမ်းရေးက ဆိုသည်။

 

အမေရိကန်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး Avril Haines က ဆီးနိတ်လွှတ်တော်ကော်မတီသို့ မေလ (၁၀) ရက်နေ့က ရှင်းလင်းတင်ပြရာတွင် ပူတင်က ဒွန်ဘတ်စ်ထက်ကျော်လွန်သည့် ရည်မှန်းချက်များ အောင်မြင်ရန် ရည်ရွယ်နေဆဲဖြစ်ကြောင်း၊ သို့သော် ၎င်း၏ ရည်မှန်းချက်များနှင့် ရုရှား၏ လက်ရှိ သမားရိုးကျ စစ်ရေးစွမ်းရည်ကြား အံဝင်ဂွင်ကျမဖြစ်မှုကို ရင်ဆိုင်နေရကြောင်း ပြောခဲ့သည်။

ငွေကြေးဖောင်းပွမှု၊ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် စွမ်းအင်ဈေးနှုန်းများ ပိုမိုဆိုးရွားလာရာ ယူကရိန်းအတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂ အထောက်အပံ့များ လျော့နည်းသွားရန် ရုရှားသမ္မတက ယူဆနေနိုင်ကြောင်းလည်း သူမက ပြောသည်။

ရုရှားနိုင်ငံအတွက် "တည်ရှိနေခြင်းအပေါ် ခြိမ်းခြောက်မှု" ဟု ပူတင်က မှတ်ယူခဲ့လျင် မော်စကိုက နျူကလီးယားလက်နက်များသုံးမည်ဟု ပြောဆိုထားသော်လည်း စစ်ပွဲ ဆက်လက်ဖြစ်ပွားနေရာ ရုရှားသမ္မတက ပိုမိုပြင်းထန်သည့် နည်းလမ်းတွေကို ပြောင်းလဲလာနိုင်ကြောင်းလည်း Avril Haines က ဆိုသည်။

လွှတ်တော်ကော်မတီသို့ ရှင်းလင်းတင်ပြရာတွင် ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ ညွှန်ကြားရေးမှူး Scott Berrier ကလည်း ရုရှားနှင့် ယူကရိန်းတို့မှာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေသည်ဟု ပြောခဲ့သည်။ 

ယခုနောက်ဆုံး တိုက်ခိုက်မှုတွင် ယူကရိန်းဘက်က နိုင်ငံ၏အရှေ့မြောက်ပိုင်း Kharkiv ဒေသရှိ နေရာလေးခုကို ပြန်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောထားသည်။ 

Kharkiv ဒေသရှိ Cherkasy Tyshky ၊ Ruski Tyshky ၊ Rubizhne နှင့် Bayrak နေရာလေးခုလုံးကို ရုရှားထံမှ ပြန်သိမ်းပိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဆိုသည်။

စစ်ပွဲ စတင်ချိန်ကတည်းက ဗုံးကြဲတိုက်ခိုက်ခံနေခဲ့ရသည့် Kharkiv ဒေသကနေ ရုရှားတပ်ဖွဲ့တွေကို ပြန်တိုက်ထုတ်ရာမှာ ယူကရိန်းဘက် တဖြည်းဖြည်း အောင်မြင်မှုရလာကြောင်း သမ္မတဗိုလိုဒီမြာဇီလန်းစကီး၏ ပြောသည်။

သို့သော် ယူကရိန်းတို့က အပတ်စဥ်နှင့် နေ့စဥ်ပင် အောင်ပွဲများမျှော်လင့်နေသည့် အလွန်အကျွံ စိတ်ဖိအားဖြစ်စေမည့် အခြေအနေကို မဖန်တီးသင့်ကြောင်း သမ္မတဇီလန်းစကီးက ဆိုသည်။

Source: BBC