CRPH နှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ဂျာမန်လွှတ်တော် နှစ်ရပ်၏ ဥက္ကဌများက စာပေးပို့

Photo: CRPH
Photo: CRPH
CRPH နှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ဂျာမန်လွှတ်တော် နှစ်ရပ်၏ ဥက္ကဌများက စာပေးပို့
မေ 6, 2022

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နှင့်အတူ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်လျက်ရှိပြီး မြန်မာပြည်သူများ၏ ကြံ့ခိုင်မှုများကြောင့် တရားဥပဒေစိုးမိုးမှုနှင့် လွတ်လပ်မှုတို့ အမြန်ဆုံး ပြန်လည်ရရှိပါစေကြောင်း ဂျာမန်လွှတ်တော်နှစ်ရပ်ဥက္ကဌတို့က စာပေးပိုလာကြောင်း သိရသည်။

ဂျာမန် အထက်လွှတ်တာ် ဥက္ကဋ္ဌ Sgd. Bado Ramelowနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ Sgd. Barbel Bas တို့က ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သို့ စာပေးပို့ လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပေးပို့စာတွင် "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် တစ်ခုတည်းသော တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းဖြစ်ပါ‌ကြောင်း၊ လက်ရှိအချိန်တွင် လွှတ်တော်လုပ်ငန်းများအား အွန်လိုင်းမှတဆင့်သာ ဆောင်ရွက်နိုင်သော်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဆောင်ရွက်ချက်များသည် စစ်အုပ်ချုပ်ရေးအဆုံးသတ်သွားသည့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီအုတ်မြစ်ကို ထိန်းသိမ်းနေခြင်း ဖြစ်ပါကြောင်း၊ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ် စားလှယ်များဖြစ်သော လူကြီးမင်းတို့ တည်ရှိမှုသည် မြန်မာပြည်သူ လူထုအနေဖြင့် ဒီမိုကရေစီ အခွင့်အရေးများနှင့် လွတ်လပ်မှုအတွက် ရပ်တည်ရန် ခွန်အားနှင့်အတူ မျှော်လင့်ချက်များ ပေးလျက်ရှိပါကြောင်း"ဖော်ပြထားသည်။



ယင်းအပြင် "လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက မြန်မာစစ်တပ်သည် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သည့်စနစ်ကို ဥပဒေမဲ့ ဖောက်ဖျက်ခဲ့ပြီးနောက် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီတို့အား အင်အားသုံး ပိတ်ပင်တားဆီးရန် ကြိုးပမ်းခဲ့ပြီး မြန်မာပြည်သူတို့ကို အလွန်အကျွံအကြမ်းဖက်မှုများနှင့် တိုက်ခိုက်ခဲ့ပါကြောင်း၊ စစ်တပ်က အင်အားသုံး၍ အစိုးရအား ဖယ်ရှားရန် ကြိုးပမ်းခဲ့မှုနောက် မိမိတို့ ထုတ်ပြန်ခဲ့သည့်အတိုင်းပင် အနှောင့်အယှက်လုပ်ရပ်များ ချက်ချင်းအဆုံးသတ်နိုင်ရေး လူကြီးမင်းတို့၏ တုံ့ပြန်လုပ် ဆောင်ချက်များနှင့် တရားဝင်နိုင်ငံအဖွဲ့အစည်းများအဖြစ်ပြန်လည် တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေးနှင့်အတူ နိုင်ငံရေးအကျည်းသား (၉,၀၀၀)ကျော် ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူ(၁၀၀)ကျော် သေဒဏ်ချမှတ်ခံထားရမှု ဖျက်သိမ်းပေးရေးတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တိုက်တွန်းတောင်းဆိုချက်များကို  ထောက်ခံပါကြောင်း၊ ဂျာမန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ ဥက္ကဋ္ဌများအနေဖြင့် မြန်မာနိုင်ငံရှိ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခံထားရသည့် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်(၉၀)ကျော်အား ဖမ်းဆီးထိန်းသိမ်းခံထားရမှုအပေါ် များစွာ စိုးရိမ်လျက်ရှိပါကြောင်း"လည်း ဖော်ပြပါရှိသည်။



အလားတူ "လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းမှ ပိတ်ပင်တားဆီးမှုမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ရန်သည် အထူးအရေးကြီးပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ရွေးကောက်ခံ မိတ်ဆွေလွှတ်တော်ကိုယ် စားလှယ်များ လွတ်မြောက်ရေးအတွက် ကမ္ဘာတစ်ဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံပါကြောင်း၊ မိတ်ဆွေလွှတ်တော် ကိုယ်စားလှယ်များက ပြည်သူလူထုနှင့် နီးစပ်သည့် ပွင့်လင်းမြင်သာမှုရှိသော အဖွဲ့အစည်းများအဖြစ် တည်ဆောက်ရာတွင် ဂျာမန်လွှတ်တော်များသည် ၂၀၁၆ခုနှစ်ကတည်းက နေပြည်တော်ရှိ လူကြီးမင်းတို လွှတ်တော်အား အကူအညီများ ပေးအပ်ခဲ့ပါကြောင်း၊ ကိုယ်တိုင်တက်ရောက်ဆွေးနွေးခဲ့ကြသည့် တွေ့ဆုံဆွေးနွေးမှုများစွာမှတစ်ဆင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြပါကြောင်း၊ ထိုကြောင့် စစ်တပ်က လွှတ်တော်ကို ဆန့်ကျင်တိုက်ခိုက်ခြင်းအား မိမိတိုအနေဖြင့် အလွန်တရာပင်အံ့အားသင့်ခဲ့ရပါ‌ကြောင်း၊ မြန်မာပြည်သူတို၏ ယနေ့ထိတိုင် ကြံ့ခိုင်မှုများကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုနှင့် လွတ်လပ်မှုတို အမြန်ဆုံး ပြန်လည်ရရှိပါစေကြောင်း၊ ယခုကဲ့သို ခက်ခဲလှသည့် ကာလတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်အတူ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်လျက်ရှိပါကြောင်း"ဟု ဖြင့် ဖော်ပြထားသည်။