COVID-19 ကူးစက်မှုတွေကြောင့် ပြင်းထန်သည့် တင်းကျပ်မှုများဖြင့် lockdown စီမံဆောင်ရွက်ချက်များ ထုတ်ပြန်ထားသည့် တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင် သက်ကြီးရွယ်အို အမျိုးသားတစ်ဦးအား သေဆုံးပြီဟု မှားယွင်းသတ်မှတ်ပြီး အလောင်းအိတ်ထဲ ထည့်ကာ ရင်ခွဲရုံသို့ ပို့ဆောင်ရန်ပြင်ဆင်ခဲ့သည့် ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာသည်။
အနီးအနားမှ ရပ်ကြည့်နေသူတစ်ဦးက ရိုက်ကူးထားသည့် အဆိုပါ ဗီဒီယိုတွင် ကာကွယ်ရေးဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ကျန်းမာရေးဝန်ထမ်းတွေက အလောင်းအိတ်ထဲမှ အမျိုးသားကြီး အသက်ရှင်နေဆဲဖြစ်ကြောင်း သိရှိသွားခဲ့ရာ နောက်ဘက်သို့ တွန့်ဆုတ်သွားခဲ့သည်ကို တွေ့ရသည်။
COVID-19 လူနာ ထိုအမျိုးသားကြီးမှာ ဘိုးဘွားရိပ်သာတစ်ခုမှဖြစ်ပြီး ၎င်းကို သေပြီအထင်ဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် အဝါရောင်အလောင်းအိတ်ကို ဝန်ထမ်းတွေက ကားတစ်စီးထဲမှ သယ်ထုတ်ရန်ပြင်နေခဲ့ကြခြင်း ဖြစ်သည်။
ဗီဒီယိုထဲတွင် အမျိုးသား၏ ဦးခေါင်းကို မြင်တွေ့နိုင်သည်ဟု ဆိုသည်။
ထိုဗီဒီယိုကို ရိုက်ကူးသူက မေလ (၁) ရက်နေ့က အွန်လိုင်းတွင် တင်ခဲ့ခြင်းဖြစ်သည်။
ဗီဒီယိုရိုက်ကူးသူမှာ ဘိုးဘွားရိပ်သားအနီးရှိ အဆောက်အအုံတစ်ခုမှ ဖြစ်ပုံရပြီး "ဘိုးဘွားရိပ်သာကတော့ ပြဿနာပဲ။ သူတို့က အသက်ရှင်နေတဲ့သူကို နိဗ္ဗာန်ယာဥ်ပေါ်ပို့လိုက်ကြပြီး သေပြီလို့ ပြောကြတယ်။ အလောင်းလာယူတဲ့ ဝန်ထမ်းတွေက အလောင်းက လှုပ်နေတုန်းပဲလို့ ပြောကြတယ်။ ဒါက တာဝန်မဲ့တာပါ။ တစ်ကယ့်ကို တာဝန်မဲ့မှုပဲ" ဟု ပြောဆိုနေသံကို ကြားနိုင်ကြောင်း CNN သတင်းက ဖော်ပြသည်။
တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo တွင်လည်း လူအများအပြားက ယခုကဲ့သို့ အမှားကြီးမျိုး အထူးသဖြင့် ရှန်ဟိုင်းမြို့တွင် ဖြစ်ပွားသည်မှာ မယုံနိုင်စရာဖြစ်ကြောင်း ပြောဆိုနေကြသည်။
ရှန်ဟိုင်းသည် တရုတ်နိုင်ငံ၏ အတိုးတက်ဆုံးနှင့် ခေတ်အမီဆုံး မြို့ကြီးအဖြစ် လူအများက ကာလရှည်ကြာ ရှုမြင်ထားခဲ့ကြသည်ဟု ဆိုသည်။
ရှန်ဟိုင်းမြို့ရှိ ခရိုင်အစိုးရတာဝန်ရှိသူတွေက ထိုဖြစ်ရပ်နှင့်ပတ်သက်၍ မေလ (၂) ရက်နေ့တွင် တုံ့ပြန်ခဲ့ပြီး သေဆုံးပြီဟု မှားယွင်းသတ်မှတ်ခံရသည့် အမျိုးသားကြီးမှာ ယခုအခါ ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်း ပြောခဲ့သည်။
ထိုဖြစ်ရပ်နှင့် ဆက်စပ်ပြီး ခရိုင်ပြည်သူ့ရေးရာဌာနနှင့် လူမှုဖွံ့ဖြိုးရေးရုံးမှ အရာရှိသုံးဦးကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း နှင့် ဘိုးဘွားရိပ်သာအကြီးအကဲကိုလည်း ရာထူးမှ ဖယ်ရှားလိုက်ကြောင်း ခရိုင်အစိုးရက ပြောသည်။
ထို့အပြင် လူသေဆုံးကြောင်း မှားယွင်းသတ်မှတ်ခဲ့သည့် ဆရာဝန်ကိုလည်း ဆရာဝန်လက်မှတ် ပြန်ရုပ်သိမ်းလိုက်ပြီး ယခုအခါ ၎င်းကို စုံစမ်းစစ်ဆေးနေကြောင်း တရုတ်အစိုးရသတင်းဌာန Global Times က ဖော်ပြသည်။
ရှန်ဟိုင်းမြို့တွင် မတ်လအစောပိုင်းမှစပြီး COVID-19 ကူးစက်မှုများ မြင့်တက်လာခဲ့ရာ မတ်လ (၃၁) ရက်နေ့ကတည်းက တစ်မြို့လုံးရှိ လူဦးရေ (၂၅) သန်းနီးပါးကို lockdown လုပ်ထားပြီး ကူးစက်မှုထိန်းချုပ်ရေး ရုန်းကန်ဆောင်ရွက်နေရကြောင်း သိရသည်။
#TachileikNewsAgency
Source: CNN
Video: Weibo