ရုရှားတပ်ဖွဲ့တွေက ယူကရိန်း အရှေ့ပိုင်းတွင် ကြိုတင်မျှော်လင့်ထားသည့် ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရုရှားက အရှေ့ပိုင်းနယ်မြေတွင် ဒွန်ဘတ်စ်တိုက်ပွဲ စတင်ခဲ့ပြီဖြစ်ပြီး ယခုအခါ ရုရှားစစ်တပ်တစ်ခုလုံး၏ အလွန်ကြီးမားသည့် အစိတ်အပိုင်းက ထိုးစစ်ဆင်မှုအပေါ် အာရုံစိုက်ထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောသည်။
ယူကရိန်းတာဝန်ရှိသူတွေက ယခုအခြေအနေကို စစ်ပွဲ၏ ဒုတိယအဆင့်ဟု ပြောထားပြီး ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးနီးပါးတွင် ခုခံစစ်ဆင်နွှဲရန် ဧပြီ (၁၉) ရက်နေ့ အစောပိုင်းက ကြိုးပမ်းနေသည်ဟု ဆိုသည်။
စစ်ပွဲ၏ ဒုတိယအဆင့်တွင် ရုရှားထိုးစစ်ဆင်မှုကို ယူကရိန်းတပ်ဖွဲ့တွေက ထိန်းထားနိုင်မည်ဟု ဇီလန်စကီး၏ သမ္မတရုံးအကြီးအကဲ Andriy Yermak က ပြောသည်။
"ကျွန်တော်တို့ရဲ့ စစ်တပ်ကို ယုံပါ။ အလွန်အင်အားတောင့်တင်းပါတယ်" ဟု ၎င်းက ဆိုသည်။
ယခုနောက်ဆုံး တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လတ်တလော မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးကြောင်း Reuters သတင်းက ဖော်ပြသည်။
ယူကရိန်းနယ်စပ်အနီး ရုရှားနိုင်ငံအတွင်းရှိ Belgorod ဒေသ အုပ်ချုပ်ရေးမှူး၏ အဆိုအရ ယူကရိန်းတပ်ဖွဲ့တွေက နယ်စပ်ကျေးရွာတစ်ရွာကို တိုက်ခိုက်ခဲ့ကြောင်းနှင့် ရွာသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံ Donetsk ဒေသရှိ ရှေ့တန်းနေရာတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အချို့မှာ အင်အားပြင်းထန်ကြောင်းနှင့် Marinka ၊ Slavyansk နှင့် Kramatorsk မြို့များတွင် အမြောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းမီဒီယာက ဖော်ပြထားသည်။
ပေါက်ကွဲသံများကို ယူကရိန်းအရှေ့မြောက်ပိုင်းရှိ Kharkiv မြို့၊ တောင်ပိုင်းရှိ Mykolav မြို့နှင့် အရှေ့တောင်ပိုင်းရှိ Zaporizhzhia မြို့များတွင်လည်း ကြားနေခဲ့ရသည်ဟု ဆိုသည်။
ရုရှားတပ်ဖွဲ့တွေက Donestsk ၊ Luhansk နှင့် Kharkiv နယ်မြေများ၏ ရှေ့တန်းတစ်ခုလုံးနီးပါးရှိ ယူကရိန်းခံစစ်ကို ထိုးဖောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း ယူကရိန်း အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ တာဝန်ရှိသူ Oleksiy Danilov က ပြောသည်။
မြောက်ပိုင်းတွင် ယူကရိန်းတပ်ဖွဲ့တွေက ခုခံတိုက်ထုတ်ခဲ့ပြီးနောက် ရုရှားက ဒွန်ဘတ်စ်ဟု သိကြသည့် အရှေ့ပိုင်းပြည်နယ်နှစ်ခုတွင် ပြန်လည်အာရုံစိုက်ပြီး မြေပြင်ထိုးစစ်နေကြောင်းနှင့် ကိဗ်မြို့တော် အပါအဝင် အခြား ပစ်မှတ်များကိုလည်း ဒုံးကျည်များဖြင့် အဝေးမှ လှမ်းပစ်နေခဲ့ကြောင်း သိရသည်။
ရုရှားကျူးကျော်စစ်၏ အဓိက ရည်မှန်းချက်မှာ ဒွန်ဘတ်စ်ဒေသကို တိုက်ခိုက်သိမ်းပိုက်ရန်ဖြစ်သည်ဟု ဆိုသည်။
ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ တိုက်ပွဲမှာ စစ်ပွဲ၏ အဆုံးအဖြတ် ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီ (၂၄) ရက်နေ့တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မှုနှင့်အတူ စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယူကရိန်းမှ ထွက်ပြေးကြရသည့် စစ်ဘေးရှောင်ဦးရေ ၄.၉ သန်းကျေ ာ်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး United Nations High Commissioner for Refugees (UNHCR) က ဧပြီ (၁၈) ရက်နေ့တွင် ထုတ်ဖော်ပြောကြားထားသည်။
Source: Reuters, CNN, BBC