နယူးယော့ခ်မြို့ မြေအောက်ရထားဘူတာရုံတွင် ပစ်ခတ်မှု ဖြစ်ပြီး (၁၃)ဦးထက်မနည်း ဒဏ်ရာရ

နယူးယော့ခ်မြို့ မြေအောက်ရထားဘူတာရုံတွင် ပစ်ခတ်မှု ဖြစ်ပြီး (၁၃)ဦးထက်မနည်း ဒဏ်ရာရ
By Mr John

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ရှိ မြေအောက်ရထားဘူတာရုံတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ (၁၃) ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဌာနက ပြောသည်။ လူအသွားအလာများပြားနေသည့် ဧပြီ (၁၂) ရက် ဒေသစံတော်ချိန် မနက် (၈:၃၀)အချိန်က နယူးယော့ခ်မြို့ Sunset Park အရပ်ရှိ ၃၆ လမ်း ရထားဘူတာရုံတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရှိရသည်။



အခင်းဖြစ်နေရာမှ ဓာတ်ပုံများအရ သွေးထွက်နေသည့် ခရီးသည်များ မီးခိုးများနှင့်ပြည့်နေသော ဘူတာရုံ ကြမ်းပြင်ပေါ်တွင် လဲနေကြသည်ကို တွေ့ရသည်။ ပစ်ခတ်တိုက်ခိုက်သူမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့ကြောင်းနှင့် လိမ္မော်ရောင် ဆောက်လုပ်ရေးလုပ်ငန်းသုံး အပေါ်ဝတ်အင်္ကျီနှင့် ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်ဆင်ထားသည့် အမျိုးသားတစ်ဦးဖြစ်ကြောင်း အမေရိကန်မီဒီယာက ‌ဖော်ပြသည်။



တိုက်ခိုက်မှုအကြောင်းရင်းကို လတ်တလော မသိရသေးဟု ဆိုသည်။ လုံခြုံရေးအတွက် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာနှင့် ‌ဝေးဝေးနေကြရန် နယူးယော့ခ်မြို့တော်ဝန် Eric Adams ၏ ပြောခွင့်ရအမျိုးသားက နယူးယော့ခ်မြိုခံတွေကို တိုက်တွန်းထားသည်။ သို့မှသာ ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာနအနေဖြင့် အကူအညီလိုအပ်နေသူများကို ကူညီနိုင်ပြီး စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နိုင်မည်ဟု ၎င်းကပြောသည်။



ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ရထားဘူတာရုံအတွင်း မပေါက်ကွဲသေးသော ဖောက်ခွဲရေးပစ္စည်းအချို့ တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က အစောပိုင်းမှာ ထုတ်ပြန်ခဲ့သည်။ သို့သော် ယခုအခါမှာတော့ ပေါက်ကွဲနိုင်သည့် ဖောက်ခွဲရေးပစ္စည်းများ မရှိတော့ကြောင်း ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်နှစ်ကျော်အတွင်း အမေရိကန် မြို့ကြီးများတွင် သေနတ်ဖြင့်အကြမ်းဖက်မှု ဖြစ်ရပ်များ မြင့်တက်ဖြစ်ပွားနေခဲ့ကြောင်း သိရသည်။

Source: BBC, Reuters

Photo: REUTERS/Brendan McDermid