ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် မိုးသည်းထန်ပြီး မြစ်ရေကြီးမှုကြောင့် နောက်ထပ် ရွှေ့ပြောင်းမှုများ လုပ်ဆောင်ကြရ

Photo: AFP FILE PHOTO,
Photo: AFP FILE PHOTO,
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် မိုးသည်းထန်ပြီး မြစ်ရေကြီးမှုကြောင့် နောက်ထပ် ရွှေ့ပြောင်းမှုများ လုပ်ဆောင်ကြရ
By Mr John

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် မြစ်ရေကြီးမှုတွေကြောင့် ရာနဲ့ချီသည့် ဒေသခံများ ၂၀၂၂ခုနှစ် ဧပြီလ(၈) ရက်နေ့တွင် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းကြရပြီး အချို့မှာ တစ်လအတွင်း ဒုတိယအကြိမ် ထိုသို့ ရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း သိရသည်။

ဩစတြေးလျတွင် ပြင်းထန်သည့် မိုးလေဝသအခြေအနေကြောင့် နာရီအနည်းငယ်အတွင်း တစ်လစာနှင့်ညီမျှသော မိုးရေချိန်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မြစ်များ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာခဲ့သည်။ ယခုအခါတွင်မူ မိုးသည်းထန်မှု လျော့နည်းလာပြီဟု ဆိုသည်။



ဆစ်ဒနီမြို့ အရှေ့တောင်ဘက်တွင် ရေကြီးမှုများအတွင်း ၎င်း၏ကား မျောပါသွားခဲ့ပြီးနောက် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ရုပ်မြင်သံကြားသတင်းက ထုတ်လွှင့်ပြသမှုအရ လမ်းမများ ရေနစ်မြုပ်နေပြီး နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေကြောင်း တွေ့ရသည်။ ဩစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းတွင် ပြီးခဲ့သည့် သီတင်းခြောက်ပတ်အတွင်း ပြင်းထန်သည့် ရာသီဥတုအခြေအနေများ သီးခြားစီ ဖြစ်ပေါ်ခဲ့ရာ နယ်မြေအချို့တွင် တစ်မြို့လုံး ရေလွှမ်းမိုးခဲ့ပြီးနောက် ကျန်ရှိနေသည့် တန်ချိန်နဲ့ချီသော အမှိုက်များကို ရှင်းလင်းနေရဆဲ ဖြစ်သည်။



"မိုးရွာသွန်းမှုက နေရာအများစုမှာ စတင်လျော့နည်းလာချိန်မှာ မြစ်ရေကတော့ အချိန်တစ်ခုကြာ ဆက်တက်နေမယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ နောက် ၁၂ နာရီကနေ ၂၄ နာရီအတွင်း မြစ်ရေ စပြီးကျသွားပါမယ်" လို့ New South Wales ပြည်နယ် အရေးပေါ်ဌာန ယာယီအကြီးအကဲ Daniel Austin က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှု အန္တရာယ်များ မြင့်တက်လာကြောင်း သိရသည်။



ဆစ်ဒနီမြို့တွင် နှစ်စဉ်ပျမ်းမျှမိုးရေချိန်ထက် ကျော်လွန်သည့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ မတ်လအစောပိုင်းတွင်လည်း ရေကြီးမှုအန္တရာယ်ကြောင့် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ ဆင်ခြေဖုံးနေရာများရှိ ဒေသခံ အများအပြား နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရသည်။ ယခုသီတင်းပတ်တွင်လည်း ထိုနေရာရှိ ဒေသခံများ ထပ်မံရွှေ့ပြောင်းကြရခြင်း ဖြစ်သည်။ ဒေသခံ ၄,၀၀၀ ကျော် ရေကြီးမှုအန္တရယ်ကြောင့် ရွှေ့ပြောင်းနေကြဆဲဟု ဆိုသည်။



"ဝမ်းနည်းစရာပါပဲ။ စီးပွားရေးလုပ်ငန်းတွေအတွက် စိတ်မကောင်းဘူး။ ပထမတစ်ကြိမ် ရေကြီးပြီးတော့ သူတို့ ကြိုးစားပမ်းစား ရှင်းလင်းထားခဲ့ကြတာ။ အခုထပ်ပြီး ဖြစ်ပြန်တယ်" လို့ ရေကြီးမှုဖြစ်သည့် ဆစ်ဒနီမြို့ ဆင်ခြေဖုံးမှ ဒေသခံတစ်ဦးက ABC ရုပ်မြင်သံကြားသတင်းဌာနကို ပြောသည်။

စံချိန်တင် အစိုစွတ်ဆုံး မတ်လကို ကြုံတွေ့ခဲ့ရသည့် ဆစ်ဒနီမြို့တွင် ဧပြီ (၇) ရက်နေ့က မိုးရေချိန် (၆.၇) လက်မခန့် ရွာသွန်းခဲ့ကြောင်း တရားဝင် အချက်အလက်တွေက ဖော်ပြထားသည်။



ဧပြီ (၈) ရက်တွင် မိုးရေချိန် (၂) လက်မအထိ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားပြီး အဓိက ဆစ်ဒနီမြို့အနောက်ပိုင်းရှိ အဓိက မြစ်များ ၎င်းတို့၏ စိုးရိမ်ရေမှတ်ကို ကျော်လွန်နိုင်သည်ဟု သတိပေးထားသည်။ ဆစ်ဒနီမြို့၏ အဓိက ရေအရင်းအမြစ်ဖြစ်သည့် Warragamba ဆည်ကြီးတွင် ဧပြီ (၈) ရက်နေ့က ရေလျှံကျနေပြီဟု ဆိုသည်။ အများအားဖြင့် မိုးရွာသွန်းမှု ပိုမိုများလာခြင်းနှင့် ဆက်စပ်နေသည့် လာနီညာ ရာသီဥတုဖြစ်စဥ်က ဩစတြေးလျနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်း နွေရာသီကို သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။



Source: Reuters

Source: Reuters