အမေရိကန် နှင့် ဗြိတိန်က စစ်ကောင်စီတပ်၏ အရာရှိကြီးများ နှင့် ဒေါက်တိုင် ကုမ္ပဏီများကို ထပ်တိုး ပိတ်ဆို့ အရေးယူ

အမေရိကန် နှင့် ဗြိတိန်က စစ်ကောင်စီတပ်၏ အရာရှိကြီးများ နှင့် ဒေါက်တိုင် ကုမ္ပဏီများကို ထပ်တိုး ပိတ်ဆို့ အရေးယူ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်က လူမျိုးတုံးသတ်ဖြတ်ကြောင်း အမေရိကန်နိုင်ငံက ကြေညာလိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်၏ ဗိုလ်ချုပ်ကြီးများနှင့် ဒေါက်တိုင်ကုမ္ပဏီများကို အမေရိကန်နှင့် ဗြိတိန်နိုင်ငံ တို့က ထပ်တိုး ပိတ်ဆို့အရေးယူကြောင်း ယနေ့ မတ်လ(၂၆)ရက်နေ့တွင် ကြေညာလာသည်။

အရေးယူခံရသူများမှာ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကိုကိုဦး၊ တိုင်းမှူး ဗိုလ်ချုပ်ဇောဟိန်း၊ လူ(၈)ဦး၊ တပ်မ(၆၆)နှင့် ကုမ္ပဏီ(၅)ခုကို အရေးယူလိုက်ခြင်းဖြစ်သည်။

၂၀၂၁ တပ်မတော်နေ့တွင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည့်  ဆိုးဝါးသောအကြမ်းဖက်လုပ်ရပ် တစ်နှစ်ပြည့်ခါနီးအချိန်တွင် မြန်မာပြည်သူများကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းခဲ့သည့် စစ်အာဏာရှင်အဖွဲ့ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသား (၅)ဦးနှင့် လုပ်ငန်း၊ အဖွဲ့အစည်း (၅)ခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်သည်။

ဒဏ်ခတ်သည့် ကုမ္ပဏီများမှာ Myanmar Chemical & Machinery Company Limited (MC&M)၊ International Gateways Groups of Company Limited (IGG)၊ Htoo Group of Companies (Htoo Group) နှင့် the Asian Green Development Bank (AGDB)တို့ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းယူပြီးသည်မှစ၍ စစ်အာဏာရှင်အဖွဲ့သည် အကြမ်းဖက်ဖြိုခွင်းမှုများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လာခဲ့ပြီး အမျိုးသမီးများ၊ ကလေးငယ်များနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်သည့် ဝန်ထမ်းများအပါအဝင် လူပေါင်း ၁,၇၀၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်အာဏာရှင်အဖွဲ့၏ လုံခြုံရေးတပ်ဖွဲ့များသည် လူပေါင်း ၁၃,၀၀၀ ကျော်ကို ဖမ်းဆီးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင်အစိုးရ အဖွဲ့မှ အခြားသောခေါင်းဆောင်များကို ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို သေစေနိုင်လောက်သည့် အင်အားများသုံး၍ ဖြိုခွင်းမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

 ဗြိတိန်အစိုးရက ပိတ်ဆို့ အရေးယူလိုက်သူများမှာ Dynasty International ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါက်တာအောင်မိုးမြင့်၊ Myanmar Chemical and Machinery (MCM)ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး အောင်လှိုင်ဦးနှင့် လေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးထွန်းအောင်တို့ဖြစ်ကြောင်း သိရသည်။

၎င်းကုမ္ပဏီများသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအတွက် လက်နက်ထောက်ပံ့နေသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။