ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လင်မယား(၂)ဦးကို အခြားကိစ္စကြောင့် ဖမ်းဆီးပြီးနောက် ဖုန်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် ဖြန့်ဝေရေသားသည်ဟု ဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။
တာချီလိတ်မြို့နေ ကိုသန်းလှိုင် နှင့် ၎င်း၏ ဇနီးဖြစ်သူ မဖြူဖြူခိုင်တို့အား တာချီလိတ်ရဲများက ဖမ်းဆီး စစ်ဆေးပြီးနောက် ဖုန်းများတွင် ဖွင့်လှစ်ထားသည့် Facebook အကောင့်များတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ဖြန့်ဝေမှုများ လုပ်ဆောင်ထား၍ဟု ဆိုကာ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝေဖြိုးဦးက တရားလိုပြုလုပ်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် ၂၀၂၂ခုနှစ် မတ်လ(၁)ရက်နေ့က (ပ)၃၈/၂၀၂၂၊ ရာဇာသတ်ကြီးပုဒ်မ ၅၀၅-က/၁၁၄ဖြင့် အမှုဖွင့်လိုက်ပြီး စခန်းမှူး ဒုရဲမှူး သန်းထူးအောင်က စစ်ဆေးနေကြောင်း သိရသည်။
ကိုသန်းလှိုင်၏ Facebook အကောင့်တွင် Friends Only အနေဖြင့် TA Ang Music Page ကနေ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဆန့်ကျင်သည်ဟု ယူဆသည့် သီချင်းကို ပြန်၍ Share ခြင်းကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဟု စွပ်စွဲကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ခေါ်ယူစစ်ဆေးခံရသူများထဲက တော်တော်များများသည် အမှုဖွင့်ရန် အထောက်အထားမရှိသော်လည်း ဖုန်းအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လုပ်ဆောင်မှုများ တွေ့သည်ဟု ဆိုကာ သက်ညှာခြင်းမရှိဘဲ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ယခု မတ်လ၏ (၃)ရက်တာအတွင်း ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူမှာ တာချီလိတ်မြို့တွင် နေထိုင်သူ(၄)ဦး ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။