နေပြည်တော်ဒေသအတွင်း စစ်ကောင်စီ လက်အောက်ခံ စခန်းမှူးများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများအားလုံး တစ်ပတ်အတွင်း နှုတ်ထွက်ကာ ပြည်သူနှင့် ပူးပေါင်းရန် မဟာမိတ်အဖွဲ့  သတိပေး ထုတ်ပြန်

နေပြည်တော်ဒေသအတွင်း စစ်ကောင်စီ လက်အောက်ခံ စခန်းမှူးများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများအားလုံး တစ်ပတ်အတွင်း နှုတ်ထွက်ကာ ပြည်သူနှင့် ပူးပေါင်းရန် မဟာမိတ်အဖွဲ့  သတိပေး ထုတ်ပြန်
ဖေဖော်ဝါရီ 22, 2022 | အခြားဒေသများ

နေပြည်တော်အတွင်းရှိ စစ်အာဏာရှင် လက်အောက်တွင် ပါဝင် လုပ်ဆောင်နေသည့် ရဲစခန်းမှူးများ၊  အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ တစ်ပတ်အတွင်း နှုတ်ထွက်၍ ပြည်သူနှင့်ပူးပေါင်းကြရန် နေပြည်တော် မဟာမိတ်(၆)ဖွဲ့က ဖေ‌ဖော်ဝါရီလ(၂၂)ရက်တွင် သတိပေး ထုတ်ပြန်လိုက်သည်။



မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒလန်များ၊ (၈) မြို့နယ်စခန်းမှူးများ အနေဖြင့် မဟာမိတ်(၈)ဖွဲ့နှင့် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပေးရန်နှင့် လာရောက်ဆက်သွယ်ခြင်း မရှိပါက ၎င်းတို့၏ မိသားစု အသက်အိုးအိမ်ကို လုံးဝ အာမခံမည်မဟုတ်ဟု ထုတ်ပြန်သည်။

နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဗိုလ်ရူးခံပွဲတွင် မင်းအောင်လှိုင်ကို လက်ပြကာနုတ်ဆက်ခြင်းသည် နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်ပြီး သင်တို့အရပ်ဒေသ နေအိမ်သို့ CDM ဝင်ပြီး အမြန်ဆုံးပြန်ကြရန်နှင့် ဆက်လက်ကျွန်ရူးပြီး ရုံးတက်နေပါက အသက်အား လုံးဝအာမခံမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

တော်လှန်ရေး အင်အားစုများနှင့် အရပ်သားပြည်သူတို့၏ အကောင့်များကို စစ်အာဏာရှင်များအလိုကျ ပိတ်သိမ်းပေးနေသော Wave Money ကုမ္ပဏီနှင့် Kpay လုပ်ငန်းစုတို့အား အရေးယူမည်ဟုလည်း ထုတ်ပြန်သည်။

နေပြည်တော်အတွင်းရှိ လုပ်ငန်းရှင်များ၊ စျေးဆိုင်လုပ်ငန်းများ၊ စားသောက်ဆိုင်များအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သည့် Mytel နှင့် မြန်မာဘီယာများအား မရောင်းချရန်နှင့် ရောင်းချနေပါက နှစ်ပတ်ကျော်သည်နှင့် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ အဖွဲ့အစည်းအများအနေဖြင့် တစ်ပတ်အတွင်း  ထုတ်ပြန်ချက်များအားလိုက်နာကြရန်နှင့် လိုက်နာမှုမရှိဘဲ ဆက်လက်ကျွန်ရူးနေပါက အသက်အိုးအိမ်ကို လုံးဝ တာဝန်ယူ အာမခံမည်မဟုတ်ကြောင်း နောက်ဆုံးအကြိမ် အပြင်းအထန်သတိပေးလိုက်ကြောင်း သိရသည်။

မဟာမိတ်(၆)ဖွဲ့တွင် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့၊ ဖိုးစောင့်တောင်လူငယ်ပြောက်ကျားအဖွဲ့၊ ဗိဿနိုး PDF၊ Black Ground NPT၊ ပျဉ်းမနားတော်လှန်ရေးအင်အားစု နှင့် Super People Pyauk Kyar တို့ ပါဝင်သည်။

 

#TachileikNewsAgency