ယင်းမာပင်မြို့နယ် တမာပင်ဂွကျေးရွာဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ယင်းမာပင်မြို့နယ် တမာပင်ဂွကျေးရွာဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်
ဖေဖော်ဝါရီ 16, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တမာပင်ဂွကျေးရွာဝန်းကျင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ ညနေ (၃) နာရီခွဲဝန်းကျင်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး ညနေ (၄)နာရီ (၁၄)မိနစ်အချိန်တွင် မုံရွာမြို့ အာဏာသိမ်းစစ်ကောင်စီတပ်၏ အခြေစိုက်စခန်း နမခသို့ ပျံသန်းသွားကြောင်း သိရသည်။

မုံရွာလေယာဥ်ကွင်းမှ Mi 35 တစ်စီး ညနေ (၃)နာရီ (၁၈)မိနစ်ဝန်းကျင်က ယင်းမာပင်၊ ပုလဲဘက်ကို ဦးတည်ပျံသန်းသွားသည်ကို တွေ့ကြရပြီးနောက် ယင်းမာပင်မြို့နယ် တမာပင်ဂွကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် အာဏာသိမ်းတပ်၏ တိုက်လေယာဉ်တစ်စီး စစ်ကိုင်းတိုင်းအတွင်း ပျက်ကျခဲ့ပြီးနောက် မုံရွာ နမခနှင့် မုံရွာလေဆိပ်တို့တွင် စစ်ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ ပျံသန်းမှု များပြားနေသည်ကို ဒေသတွင်းမှ လေကြောင်းပျံသန်းမှု သတင်းပေးပို့ချက်များအရ သိရသည်။

ယနေ့ နံနက် (၁၀)နာရီ (၄၅) မိနစ်အချိန်တွင် စစ်ကိုင်းမြို့နယ်အတွင်း ရေမျက်ကြီးအင်းအတွင်းသို့ အာဏာသိမ်းတပ်၏ Jet Fighter တစ်စီး ပေါက်ကွဲသံနှင့်အတူ ပျက်ကျသွားခဲ့ကာ လေယာဉ်မောင်း၏ ရုပ်အလောင်းအပိုင်းအစများကို တွေ့ထားရခြင်းဖြစ်ပြီး အဆိုပါ တိုက်လေယာဉ်မှာ တံတားဦးလေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းသည့် တိုက်ခိုက်ရေးလေယာဉ်ဖြစ်သည်ဟု အာဏာသိမ်းတပ်က ဆိုသော်လည်း လေယာဉ်အမျိုးအစားနှင့် ပျံသန်း၊ ပျက်ကျရသည့် အကြောင်းရင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။