PDF ၊ LDF များကို လက်နက်တပ်ဆင်ပေးနေသည့် DSTA ဆင်း CDM စစ်သားများ၏ PSPT က ထောက်ပို့လှူဒါန်းလိုသူများကို ဖိတ်ခေါ်

PDF ၊ LDF များကို လက်နက်တပ်ဆင်ပေးနေသည့် DSTA ဆင်း CDM စစ်သားများ၏ PSPT က ထောက်ပို့လှူဒါန်းလိုသူများကို ဖိတ်ခေါ်
ဖေဖော်ဝါရီ 10, 2022 | အခြားဒေသများ

PDF ၊ LDF များအတွက် People Soldiers' Production Team  က လက်နက်များ ကိုယ်တိုင်ထုတ်လုပ် တပ်ဆင်ပေးနေပြီဖြစ်ရာ ထောက်ပို့လှူဒါန်းလိုသူများကို ဖိတ်ခေါ်ကြောင်း ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က ထုတ်ပြန်လာသည်ကို တွေ့ရသည်။

ထောက်ပို့လှူဒါန်းသူ၏ အမည်အတိုကောက်ကို တိုက်ခိုက်ရေးအဖွဲ့ဝင်များအတွက် ထုတ်လုပ်ထားသည့် လက်နက်ပေါ်တွင် မှတ်တမ်းရေးထိုးလှူဒါန်းနိုင်မည်ဖြစ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်မည်ဟု ဆိုသည်။

လှူဒါန်းလိုသူများအနေဖြင့် တစ်ဦးစာအတွက် ကျပ် (၃)သိန်းနှုန်းဖြင့် ထောက်ပို့ပြုလုပ်နိုင်ကြောင်း ဖိတ်ခေါ်ထားပြီး PSPT Telegram - https://t.me/PSPT2021 တွင် ဆက်သွယ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

တစ်ဦးစာအနေဖြင့် လက်နက်အတွက် (၁၉၀,၀၀၀)ကျပ် ၊ ဝတ်စုံနှင့် အီကွေ့မန့်နှင့် အသုံးအဆောင်များအတွက် ( ၁၁၀,၀၀၀) ကျပ်  စုစုပေါင်း (၃)သိန်းကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့က သွေးဆာနေတဲ့သူတွေ မဟုတ်ပါဘူး။ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်နေတဲ့ စစ်တပ်ကို တုန့်ပြန်ဖို့ရာ လက်နက်ရှိမှပဲဖြစ်မှာ။

ဟု People Soldiers’ Production Team က အသိပေးဖေါ်ပြထားသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများနှင့်အတူရပ်တည်၍ CDM လုပ်လာကြသည့် DSTA ဆင်း စစ်သားများဖြင့် ဖွဲ့စည်းထားသည့် People Soldiers’ Production Team သည် ရရာလက်နက်စွဲကိုင်၍ စစ်အာဏာရှင်တွန်းလှန်နေကြသည့် ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ လက်နက်လိုအပ်ချက်ကို ပံ့ပိုးနိုင်ရန် ထုတ်လုပ်ရေးပိုင်းကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။