တနိုင်ငံလုံး လက်နက်အားကိုးဖြင့် လှည့်ပတ် အနိုင်ကျင့်နေသည့် စစ်ကောင်စီတပ်က ၎င်း၏ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်နှင့် ရဲစခန်းများတွင် မိုင်းထောင်ထားရန် လျှို့ဝှက် ညွှန်ကြားထား

တနိုင်ငံလုံး လက်နက်အားကိုးဖြင့် လှည့်ပတ် အနိုင်ကျင့်နေသည့် စစ်ကောင်စီတပ်က ၎င်း၏ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်နှင့် ရဲစခန်းများတွင် မိုင်းထောင်ထားရန် လျှို့ဝှက် ညွှန်ကြားထား
ဖေဖော်ဝါရီ 10, 2022 | အခြားဒေသများ

 အာဏာသိမ်းစစ်ကောင်စီတပ်က  တပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနချုပ်နှင့် ရဲစခန်းများတွင် မိုင်းထောင်ထားရန် ညွန်ကြားစာတစ်စောင် လူမှုကွန်ယက်တွင် ထွက်ပေါ်လာသည်ကို တွေ့ရသည်။

စခန်းများတွင် ဘန်ကာများ၊ ခေါင်ကတုတ်ပါ ပစ်ကျင်းများ၊ ခြံစည်းရိုးများ၊ ဆက်သွယ်ရေးမြောင်းများ၊ ရင်တားများ၊ ငြောင့်ကျင်းများနှင့် မိုင်းထောင်ထားရှိမှုများစသည့် လူလုပ်အတားအဆီးများကို ခံစစ်ဥပဒေနှင့်အညီ စစ်ရေးပြင်ဆင်ထားရှိရန်နှင့် အပတ်စဉ်တိုးတက်မှုရှိစေရေး ကြပ်မတ်စစ်ဆေးရန် ညွှန်ကြားထားသည်ကို တွေ့ရသည်။

ယင်းအပြင် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ရဲစခန်းများ၊ ကင်းစခန်းများ၏ ခံစစ်လုပ်ငန်းများကိုလည်း အဆိုပါ နယ်မြေအတွင်းရှိ နယ် မြေထိန်းတပ်များ၊ လှုပ်ရှားစစ်ကြောင်းများက သွားရောက်စစ်ဆေးပေးရန်နှင့် အရေးကြီးရဲစခန်း၊ ကင်းစခန်းများကို ဝင်ရောက်နိုင်သည့် လမ်းကြောင်းများကို ရှေ့ထွက်မိုင်း၊ စွန့်လွှတ်မိုင်းများ ထောင်ထားကြရန် ညွန်ကြားထားပြီး လိုအပ်ပါက ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ပြန်လည်တင်ပြရန် ညွန်ကြားထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ရှမ်းပြည်နယ်အတွင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်တစ်တပ်၏ ဧရိယာအတွင်း  မိုင်းထောင်ရင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

 

တစ်နိုင်ငံလုံး လှည့်ပတ်တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ၎င်း၏ တပ်ရင်း၊တပ်ဖွဲ့၊ ဌာနချုပ်၊ ရဲစခန်းများ လုံခြုံရေးအရံအတားများ တိုးမြှင့်လုပ်ဆောင်နေကြရခြင်းဖြစ်သည်။