ကျိုက်ထိုမြို့နယ်တွင်  အာဏာသိမ်းစစ်ကောင်စီတပ် အချင်းချင်း မှားယွင်း ပစ်ခတ် 

ကျိုက်ထိုမြို့နယ်တွင်  အာဏာသိမ်းစစ်ကောင်စီတပ် အချင်းချင်း မှားယွင်း ပစ်ခတ် 
ဖေဖော်ဝါရီ 7, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အာဏာသိမ်းစစ်ကောင်စီတပ်များ အချင်းချင်း မှားယွင်းပစ်ခတ်သဖြင့် (၂)ဦးထက်မနည်းသေကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း KNU က ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါ ရီလ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ(၄)ရက်က ပဲခူးဖက်မှ သထုံဖက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီယာဥ်တန်းအား KNLA တပ်ရင်း (၃)နှင့်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်သဖြင့် ကား (၂)စီးထိမှန်ကာ ထိခိုက်ကျဆုံးမှုများသောကြောင့် နောက်ကြောင်းပြန်လှည့်ရာ နောက်တန်းတွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့များ အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုတွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၃)နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိဟု ထုတ်ပြန်သည်။ 

ယင်းအပြင် ဖေဖော်ဝါရီလ (၄)ရက်နေ့ ည(၁၀)နာရီဝန်းကျင်ကလည်း အာဏာသိမ်းစစ်ကောင်စီ၏ သိမ်ဇရပ်အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ သဲဖြူချောင်းကျေးရွာအနီးတွင် (၂) လုံးနှင့် တစ်ဇီးပြောင်းကျေးရွာအနီး (၂)လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းထုတ်ပြန်သည်။