စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ၏ရန်မှ ကင်းလွတ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် KNU ဥက္ကဌ တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ စောမူတူးဆေးဖိုး
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ စောမူတူးဆေးဖိုး
စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ၏ရန်မှ ကင်းလွတ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် KNU ဥက္ကဌ တိုက်တွန်း
ဇန်နဝါရီ 30, 2022 | အခြားဒေသများ

စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ၏ရန်မှ ကင်းလွတ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ကို တည်‌ထောင်နိုင်ရန် ကြိုးစားအားထုတ်ကြပါဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ စောမူတူးဆေးဖိုးက ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ကျရောက်သည့် (၇၃)ကြိမ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ သဝဏ်လွှာဖြင့် တိုက်တွန်းထားသည်။

လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီအစစ်အမှန်ကို တည်ထောင်နိုင်ရေးအတွက် ကရင်အမျိုးသားများ၊ ကရင်အမျိုးသားအဖွဲ့အစည်းများနှင့် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုတရပ်လုံးက အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ရမည်ဟု KNU ဥက္ကဌက ပြောကြားထားသည်။

ပြည်ထောင်စုကြီး၏ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းသည် သက်ဆိုင်ရာ လူမျိုးအားလုံးအတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ကို တည်ထောင်ရန်သာရှိသည်ဟု ဆိုသည်။