ကျားနီပါတီ၏ ခန္တီးမြို့နယ် ဥက္ကဌ  စိုင်းဘိုဘိုအောင်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ် (၂) နှစ်ချမှတ်

ကျားနီပါတီ၏ ခန္တီးမြို့နယ် ဥက္ကဌ  စိုင်းဘိုဘိုအောင်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ် (၂) နှစ်ချမှတ်
ဇန်နဝါရီ 25, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီပါတီ) ဥက္ကဌ စိုင်းဘိုဘိုအောင်ကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅ က ဖြင့် တရားစွဲဆိုဖမ်းဆီးထားပြီး (၇)လအကြာတွင် ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ကျားနီပါတီ၏ ခန္တီးမြို့နယ်ဥက္ကဌကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့်နှစ် ဇူလိုင်လ (၁၅) ရက်နေ့ ည (၇)နာရီတွင် နေအိမ်အပြန်လမ်း၌ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅ ကဖြင့် တရားစွဲဆိုခံရသူ (၄၀၀၀)ကျော်အား ပြန်လွှတ်မည့်စာရင်းတွင် ပါဝင်ခဲ့သော်လည်း ကန့်ကွက်သူရှိ၍ ပြန်မလွတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပါတီမြို့နယ်ဥက္ကဌ စိုင်းဘိုဘိုအောင်ကို ခန္တီးအကျဉ်းထောင်တွင် (၇)လကြာ ဖမ်းဆီးထားခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ထောင်တွင်းတရားရုံးက ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းဘိုဘိုအောင်သည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုများကို ပါဝင်မှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးအကြောင်းအရာများ အွန်လိုင်းတွင် ရေးသားမှုတို့ဖြင့် အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်သည်။

မဲစာရင်းမှား၍ ယာယီအာဏာထိန်းသည်ဆိုသည့် အာဏာသိမ်းအဖွဲ့က အာဏာသိမ်းမှုလက်မခံကြောင်း ထုတ်ဖေါ်ပြောဆိုမှု၊ ဆန့်ကျင်မှုများကို နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းနေသည်ကို တွေ့ရသည်။