တာချီလိတ်မြို့တွင် လုပ်ငန်းရှင်များအား ဗုံးဖေါက်ခွဲမည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းမှုများ ဖြစ်ပွားနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ယခင်က မကြုံခဲ့ဖူးသည့် လုပ်ငန်းရှင်များကို ဗုံးခွဲမည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းမှုများကို အာဏာသိမ်းပြီး စစ်တပ်နှင့်ရဲတို့ နေ့ည လှည့်ပတ်ဖမ်းဆီးနေကြချိန်တွင် ဖြစ်ပွားနေသည်ကို တွေ့ရသည်။

"တာချီလိတ်မှာ မွေးတာ အခုလို ခြိမ်းခြောက်တာမျိုး တခါမှ မကြားဖူးဘူး။ အသံက ဗမာအသံအစစ်နဲ့ မဟုတ်ဘူး။ လူငယ်အသံပဲ။ ဗုံးလာမထောင်စေချင်ရင် အခွန်ဆောင်ပါ။  ငွေကို Wave Money ကနေ လွှဲပေးလို့ ပြောလာတယ်။ တစ်ခြားအသိတွေဆီကိုလည်း အဲလို ဖုန်းဆက်လာတယ်လို့ သိရတယ်"ဟု ခြိမ်းခြောက်ခံရသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင်  အာဏာသိမ်းအဖွဲ့နှင့်သက်ဆိုင်သည့်နေရာ (၄) ခုကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက ဖေါက်ခွဲမှု (၄)ကြိမ်ပြုလုပ်မှုနှင့်ပတ်သက်၍ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက မြို့တွင်း ပိုက်စိပ်တိုက်ရှာဖွေ၍ ၎င်းတို့သံသယရှိသူများအား ဖမ်းဆီးခြင်း၊ နေ့ည လှည့်ပတ်ရှာဖွေခြင်းများ လုပ်နေချိန်မှာပင် ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်ကာ ခြိမ်းခြောက်ငွေတောင်းမှု တိုက်ဆိုင်စွာပေါ်လာသည်ကို တွေ့ရသည်။

"မနေ့က  ကျွန်တော်တို့ ဆိုင်ကိုလည်း ဖုန်းဆက်လာတယ်။ ဗုံးခွဲတဲ့အဖွဲ့ကဆိုပြီး ပြောတာ။ သူ့ဆီ wave ကနေ ပိုက်ဆံလွှဲခိုင်းလာတယ်။ ပထမတော့ နားထောင်ကြည့်ပြီး လန့်သွားသေးတာ။ ပြီးတော့မှ ဗုံးခွဲသွားတဲ့အဖွဲ့ဆိုတာ ဌာနဆိုင်ရာတွေနဲ့ သက်ဆိုင်တဲ့နေရာတွေပဲ လုပ်သွားတာ။ အများပြည်သူကို လုပ်တာမှမဟုတ်တာဆိုတာကို သတိရမိပြီး ဒါသက်သက်မဲ့လုပ်တဲ့ သဘောလို့စဉ်းစားမိတယ်။" ဟု ခြိမ်းခြောက်သည့် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ခြိမ်းခြောက်ငွေကြေးတောင်းခံသည့် ဖုန်းခေါ်ဆိုမှုများကို  မကာဟိုခမ်း၊ ဆန်ဆိုင်း (က)၊ ဆန်ဆိုင်း (ခ)၊ မယ်ခေါင်နှင့် ဝိန်းကျောက်ရပ်ကွက်များမှ လုပ်ငန်းရှင်အချို့က ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁၆) ရက်နေ့က စတင်၍ လက်ခံရရှိကြသည်ဟုသိရပြီး လုပ်ငန်းများက ဆက်သွယ်ရန် ကြော်ငြာထားသည့် ဖုန်းနံပါတ်များကို ဆက်သွယ်လာခြင်းဖြစ်သည်ဟု သိရသည်။

ဆက်သွယ်လာသည့် ဖုန်းနံပါတ်မှာ  09 783 877 925 တစ်ခုထဲဖြစ်ပြီး ဖုန်းခေါ်ဆိုမှုအချို့တွင် ဖုန်းခေါ်ဆိုခံရသူ တစ်ဦး၏ ပြောပြချက်အရ ဖုန်းအသံထွက်တဲ့ ငါးမန်းဂိမ်းလောင်းကစားခုံ ကစားနေသည့် အသံများ ကြားရသည်ဟုလည်း သိရသည်။

 

#TachileikNewsAgency