မလွှကုန်း မီးရထားဝန်းတွင် အာဏာသိမ်းအဖွဲ့၏ ဖမ်းဆီးမှုကို ခံရသည့် CDM မီးရထားဝန်ထမ်းတစ်ဦး  တစ်ရက်အကြာတွင် စစ်ကြောရေးအတွင်း သေဆုံး

မလွှကုန်း မီးရထားဝန်းတွင် အာဏာသိမ်းအဖွဲ့၏ ဖမ်းဆီးမှုကို ခံရသည့် CDM မီးရထားဝန်ထမ်းတစ်ဦး  တစ်ရက်အကြာတွင် စစ်ကြောရေးအတွင်း သေဆုံး
ဇန်နဝါရီ 6, 2022

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မလွှကုန်းမီးရထားဝန်းတွင် အာဏာသိမ်းစစ်တပ်က CDM မီးရထားဝန်ထမ်းတစ်ဦးအား PDF ခေါင်းဆောင်ဟု စွပ်စွဲပြီး  ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တစ်ရက်အကြာတွင် စစ်ကြောရေးအတွင်း သေဆုံးသွားကြောင်း သိရသည်။

မနေ့က ဖမ်းခံရတဲ့ ဝန်ထမ်း သေဆုံးသွားပြီ။ အလောင်းတော့ ပြန်မရဘူး။ ရေဝေးမှာ မိသားစုပဲ လိုက်ပို့ခွင့် ပေးမယ်လို့တော့ သိရတယ်။ စစ်ကြောရေးမှာ ဆုံးသွားတာပါ။

ဟု သေဆုံးသွားသူနှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၆)ရက်နေ့ ညနေပိုင်းက ပြောသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့အကူး နံနက်(၁)နာရီခွဲဝန်းကျင်အချိန်က မလွှကုန်းမီးရထားဝန်းအတွင်းနေ မီးရထား CDM ဝန်ထမ်းတစ်ဦးဖြစ်သူ မီးရထား (စက်မှုဋ္ဌာန)၊ စက်ခေါင်းမောင်း (၅) ဦးအောင်ကိုလတ် အား အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တစ်ရက်အကြာတွင် ပြင်းထန်သည့် စစ်ကြောရေးကြောင့်   သေဆုံးသွားခြင်း ဖြစ်သည်။

စစ်ကြော‌ရေးတွင် သေဆုံးသွားသူ  မီးရထား (စက်မှုဋ္ဌာန)၊ စက်ခေါင်းမောင်း (၅) ဦးအောင်ကိုလတ်တွင် ဇနီးဖြစ်သူနှင့်အတူ သားသမီး(၂)ဦး ကျန်ရှိနေခဲ့ပြီး ၎င်းဖမ်းဆီး မခံရမီက ကျန်းမာရေးကောင်းမွန်နေသူဖြစ်ကြောင်း သိရသည်။ 

မဖမ်းခံရမီက ကျန်းမာရေးက ကောင်းပါတယ်၊ အသက်က (၃၉)နှစ်လောက်ပဲ ရှိသေးတယ်။ သူ ဆုံးသွားပြီဆိုတာက ဒီနေ့ နေ့လည်(၂)နာရီလောက်မှ သိရတာပါ။ ဘယ်အချိန် သေဆုံးလဲဆိုတာကတော့ အတိအကျ မသိရပါဘူး။ သူ့မှာ ကလေး(၂)ယောက် ကျန်ခဲ့တယ်။ ယောကျာ်းလေးက (၁၃)နှစ်၊ မိန်းကလေးက (၉)နှစ်လောက်

ဟု သေဆုံးသွားသူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မလွှကုန်းမီးရထားဝန်းအတွင်း လိုင်းခန်းများထဲက CDM ဝန်ထမ်းများနေထိုင်သည့် လိုင်းခန်းများကို "C"ဆိုသည့် စာလုံးများကို ဇန်နဝါရီလ(၅)ရက်မှ ယနေ့အထိ လိုက်ရေးထားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့တို့သည် ဖမ်းဆီးခံရသူများကို ရိုက်နှက် ညှင်းပမ်း နှိပ်စက်မှုများကြောင့် စစ်ကြောရေးတွင် သေဆုံးခဲ့ရသူ တော်တော်များများရှိခဲ့ပြီး သေဆုံးမှုနှင့် ပတ်သက်၍ တော်တော်များများမှာ အလောင်းပြန်မရသည့် ဖြစ်စဉ်များလည်း ရှိနေပြီး ဖမ်းဆီးခံရပါက အသက်အန္တရာယ်အတွက်ပါ စိုးရိမ်နေရသည့် အခြေအနေများမှာ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းထားသည့် လပေါင်း (၁၁)လကျော်ကြာသည်အထိ ရှိနေဆဲဖြစ်သည်။