နိုင်ငံရေးစားပွဲဝိုင်းသည် ပြည်သူ့သွေးစွန်းနေသည့် စစ်ရာဇဝတ်ကောင်များ၏ နေရာမဟုတ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ လွတ်လပ်ရေးနေ့မိန်းခွန်းတွင် ပြောကြား

နိုင်ငံရေးစားပွဲဝိုင်းသည် ပြည်သူ့သွေးစွန်းနေသည့် စစ်ရာဇဝတ်ကောင်များ၏ နေရာမဟုတ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ လွတ်လပ်ရေးနေ့မိန်းခွန်းတွင် ပြောကြား
ဇန်နဝါရီ 4, 2022

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင်  စစ်အာဏာသိမ်းအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်ကြောင်းကိုပါ ထည့်သွင်းပြောကြားသွားသည်။

တကယ်တော့ ပြည်သူ့သွေးစွန်းနေတဲ့ စစ်ရာဇဝတ်ကောင်တွေဆိုတာ နိုင်ငံရေး စားပွဲဝိုင်းကို ပို့ရမှာ မဟုတ်ပါဘူး၊ သူတို့ကို ပို့ရမယ့်နေရာက ပြည်တွင်း ပြည်ပ ရာဇဝတ်ခုံရုံးများပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံဖြစ်နေပေမယ့် စစ်အုပ်စုရဲ့အကြမ်းဖက်မှုများ ကို စက်ဆုပ်တဲ့ သူတွေ၊ စစ်တပ်ဟာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့မှတစ်ပါး နိုင်ငံရေး မှာ ဝင်ပတ်သက်စရာ မလိုဘူးလို့ နားလည်ခံယူတဲ့ တပ်မှုး တပ်သားများကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရက အစဉ် ရင်ဖွင့်ကြိုဆိုနေမှာ ဖြစ်ပါတယ်။

ဟု ယာယီသမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှုလက်အောက်တွင် ရောက်နေရာ လွတ်လပ်ရေးကြေညာစာတမ်း၏ အပိုဒ် (၅)ကိုလည်း ထုတ်နှုတ်၍ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်ကို တွေ့ရသည်။

ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူ တဦးတယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်

ဟု လွတ်လပ်ရေးကြေညာစာတမ်းအပိုဒ် ၅ တွင်ဖေါ်ပြထားခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့သည် လွတ်လပ်ရေးနေ့အခမ်းအနားကို အာဏာသိမ်းမှုအား အထောက်အကူပြုသူများအား ဆုချီးမြှင့်သည့် အစီအစဉ်များဖြင့် ကျင်းပနေသည်ကိုလည်း တွေ့ရသည်။