အာဏာသိမ်းတပ်က လေကြောင်းမှ ဝင်ပစ်ပြီးနောက် ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေရှင်းလင်းမည်ဟု သတင်းထွက်နေ

အာဏာသိမ်းတပ်က လေကြောင်းမှ ဝင်ပစ်ပြီးနောက် ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေရှင်းလင်းမည်ဟု သတင်းထွက်နေ
ဒီဇင်ဘာ 21, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း နှမ်းခါ်းကျေးရွာကို လေကြောင်းမှ ဝင်ပစ်ပြီး နှစ်ရက်အကြာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဌာနပေါင်းစုံ အစည်းအဝေးပြုလုပ်ပြီး ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်း ကျေးရွာ (၂၂) ရွာရှိရာ တစ်ရွာလျှင် နှစ်ရက်နှုန်းဖြင့် နယ်မြေရှင်းလင်းမည်ဟု အာဏာသိမ်းအဖွဲ့လက်အောက်ရှိ အုပ်ချုပ်ရေးအဖွဲ့ဌာနပေါင်းစုံအစည်းအဝေးဖြင့် ဆုံးဖြတ်ကြသည်ဟုသိရသဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် Yaw Eagle က ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် သတိပေးထားသည်ကို တွေ့ရသည်။

ပြည်သူများအနေဖြင့် ကျေးရွာတွင်း အာဏာသိမ်းတပ်ဝင်လာပါက တိမ်းရှောင်နိုင်မည့်နေရာများ ကြိုတင်ပြင်ဆင်ခြင်း၊ လိုအပ်သည့် ရိက္ခာဆေးဝါးများပြင်ဆင်ခြင်းနှင့် တန်ဖိုးကြီးပစ္စည်းများအား လုံခြုံစွာသိမ်းဆည်းရန်စီမံခြင်းများ လုပ်ဆောင်ထားကြရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

အဆိုပါနယ်မြေရှင်းလင်းမည့် အစီအစဉ်နှင့် ပတ်သက်၍ သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိပါ။