ဆန္ဒပြသူများကို လူမဆန်စွာပစ်ခတ်ဖြိုခွင်းသည့် အာဏာသိမ်းစစ်ကောင်စီကို တိုင်းရင်းသားပါတီများမဟာမိတ်အဖွဲ့က ပြင်းထန်စွာကန့်ကွက်ရှုံ့ချ

ဆန္ဒပြသူများကို လူမဆန်စွာပစ်ခတ်ဖြိုခွင်းသည့် အာဏာသိမ်းစစ်ကောင်စီကို တိုင်းရင်းသားပါတီများမဟာမိတ်အဖွဲ့က ပြင်းထန်စွာကန့်ကွက်ရှုံ့ချ
ဒီဇင်ဘာ 5, 2021 | အခြားဒေသများ

ရန်ကုန်မြို့တွင် ယနေ့ ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြသူများအား လူမဆန်စွာပစ်ခတ်ဖြိုခွင်းသည့် အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချသည်ဟု တိုင်းရင်းသားပါတီများဖြင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (ULA) က ညနေပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်သည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖေါက်သည့်အပြင် ဆန္ဒပြမှုကို ဖြေရှင်းရမည့် လုပ်ထုံးလုပ်နည်း၊ မည်သည့်နှုန်းစံတန်ဖိုးနှင့်မျှ လုံးဝမကိုက်ညီသဖြင့် ထိုလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချသည်ဟု ကြေညာထားခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာ သဘောထားဆန္ဒထုတ်ဖေါ်နေသူများအား အာဏာသိမ်းအဖွဲ့အနေဖြင့် အကြမ်းဖက်နှိမ်နှင်းခြင်းများနှင့်ပတ်သက်၍ ULA က ယခင်ကလည်း တစိုက်မတ်မတ်ကန့်ကွက်၍ သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ဖူးသည်ကိုလည်း တွေ့ရသည်။

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(ULA) တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ရဒဖ - ALD)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ZCD)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)၊ ကယန်းအမျိုးသားပါတီ(KNP)၊ ကရင်အမျိုးသားပါတီ (KNP)၊ ခူမီး(ခမီး)အမျိုးသားပါတီ (KNP)၊  မြိုအမျိုးသား ဒီမိုကရေစီပါတီ (MNDP)၊  ရှမ်းနီ(တိုင်းလိုင်)နှင့်မြောက်ပိုင်းရှမ်းမျိုးနွယ်စုများသွေးစည်းညီညွတ်ရေးပါတီ (SNSP)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ (SSKDP)၊ ဓနုအမျိုးသားဒီမိုကရေစီပါတီ (အိုးစည်ပါတီ/DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ (DNDP)နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) တို့ပါဝင်သည်။