ဝမ်းတွင်းမြို့နယ်အင်အားစု အမည်ကို အသုံးချကာ တော်လှန်ရေး အယောင်ပြ အလှူခံမှုများရှိနေ၍ WTRF က အသိပေး

ဝမ်းတွင်းမြို့နယ်အင်အားစု အမည်ကို အသုံးချကာ တော်လှန်ရေး အယောင်ပြ အလှူခံမှုများရှိနေ၍ WTRF က အသိပေး
နိုဝင်ဘာ 30, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း "ဝမ်းတွင်းမြို့နယ်အင်အားစု"အမည်ကို အသုံးချကာ  တော်လှန်ရေးအတွက်ဟုဆိုကာ အလှူခံခြင်းများရှိနေသည့်အတွက် ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစု (WTRF)အနေဖြင့် Facebook Page အား Wundwin Township Revolution Force ထားရှိပြီး လိမ်လည်အလှူခံခြင်းများကို သတိပြုရန်အတွက် အသိပေးချက်ကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ထုတ်ပြန်လာသည်။

  



ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစု(WTRF)အနေဖြင့် နိုင်ငံ့အာဏာသိမ်းခံရသည့် ကာလတစ်လျှောက် ဒေသတွင်း တော်လှန်ရေးလုပ်ဆောင်ချက်ကို Facebook Page ပြုလုပ်၍ အသိပေးဖော်ပြခြင်းများမရှိခဲ့သော်လည်း ယခုအခါမှာ အမည်ကို အလွဲသုံးစား ပြုလုပ်ကာ လုပ်ဆောင်နေသည့်အတွက် Wundwin Township Revolution Force Page ကနေ နောက်ပိုင်း လုပ်ဆောင်ချက်များနှင့် အလှူရှင်များ၏ အမည်များကို ဖော်ပြပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။ 

ယခုလိုကာအတွင်း၌  ခက်ခဲစွာနဲ့ရပ်တည်နေရသည့် ပြည်သူများဆီကနေ တော်လှန်ရေး အယောင်ပြ စီးပွားဖြစ် အလှူခံနေသော အဖွဲ့အစည်းများသည် စကစနှင့်လက်ပါးစေ၊ ပျူ‌စောထီးများလည်း ဖြစ်နိုင်သကဲ့သို့၊ လှုပ်ရှားမှုတွေကို နာမည်ခံ အသုံးချ/အလွဲသုံးစား လုပ်တဲ့ ကိုယ်ကျိုးစီးပွားရှာသူတွေလည်း ဖြစ်နိုင်သည်ဟု WTRF က အသိပေးထားသည်။

 Wundwin Township Revolution Force(WTRF)သည် ဝမ်းတွင်းမြို့နယ်ကိုယ်စားပြုအနေဖြင့်  ဖွဲ့စည်းထားသည့် ဒေသကာကွယ်ရေးအဖွဲ့တစ်ခု ဖြစ်ကြောင်း သိရသည်။