အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် လာမည့် တာချီလိတ်မြို့ ဝမ်ပုံ - ဝေလှေလန်သွားလမ်းပေါ်တွင် ကားတာယာဖြင့် မီးရှို့ထား

အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် လာမည့် တာချီလိတ်မြို့ ဝမ်ပုံ - ဝေလှေလန်သွားလမ်းပေါ်တွင် ကားတာယာဖြင့် မီးရှို့ထား
အောက်တိုဘာ 15, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသည့်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ လာမည့် ဝမ်ပုံ - ဝေလှေလန်သွားလမ်းပေါ်တွင် ကားတာယာဖြင့် မီးရှို့ထားသည်ကို တွေ့ရှိရကြောင်း ဖြတ်သန်းသွားလာသူများထံ သိရသည်။

ဒီနေ့ နေ့လည် (၁၂)နာရီ မထိုးခင်ကတော့  ရွာပြန်ဖို့ ဆိုင်ကယ်နဲ့သွားတာ လမ်းမှာ မီးရှို့ထားတာတွေ့ရတယ်။ အခုလို လမ်းပေါ်မှာ မီးရှို့တာတော့ အရင်ကတော့ မတွေ့ဖူးဘူး။ ဒီနေ့ လူကြီးခရီးစဉ်ရှိတယ်လို့တော့ ကြားတယ်။ ဘယ်လိုလဲတော့မသိဘူး

ဟု မိုင်းဖုန်းဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။



အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသည့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရဲတပ်ဖွဲမှူး ရဲမှူးကြီး အေးသိန်း၊  ပြည်နယ်စည်ပင်ညွှန်မှူး ဦးစိုင်းထွန်းထွန်း နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းတို့အဖွဲ့သည် အောက်တိုဘာလ(၁၄)ရက်နေ့က တာချီလိတ်သို့ ရောက်ရှိကာ ညအိပ်ပြီး ယနေ့ အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့တွင်းမှတဆင့် ဝမ်ပုံသို့ သွားရောက်ကြခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့သည် နေ့လည်ပိုင်းတွင် တာချီလိတ်မြို့တွင်း ပြန်လာပြီး အောင်မြတ်ခန်းမတွင် မှတ်ပုံတင်ပေးအပ်ပွဲပြုလုပ်ပြီးနောက်  တာချီလိတ်ကနေ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။