နိုင်ငံ့အာဏာသိမ်းခံထားရသည့် ရက်ပေါင်း(၂၅၀)အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်၊ ညှင်းဆဲနှိပ်စက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများမှာ (၁၁၆၀)ဦးရှိပြီး ဖမ်းဆီးခံခဲ့ရသူမှာလည်း (၈၈၁၇)ဦးရှိနေကာ ထောင်အတွင်း ချုပ်နှောင်ထားသူမှာ (၇၁၄၆)ဦး ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က သတင်းထုတ်ပြန်ထားသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ ရက်ပေါင်း (၂၅၀)အတွင်း သေဆုံးပြည်သူ (၁၁၆၀)ဦး စာရင်းမှဦ AAPP ၏ လက်လှမ်းမီသမျှ စာရင်းသာဖြစ်ပြီး စာရင်းမဲ့များစွာ ကျန်ရှိနိုင်သေးသည်ဟု သိရသည်။
ဖမ်းဆီးခံရခဲ့ရသူ (၈၈၁၇)ဦးအနက် လက်ရှိတွင် ထောင်အတွင်း ချုပ်နှောင်ထားသူမှာ (၇၁၄၆)ဦးရှိနေသည့်အပြင် အမှုဖွင့်ခံထားရ၍ တိမ်းရှောင်နေရသူမှာလည်း (၂၀၀၀)ဝန်းကျင်အထိ ရှိနေသည်ဟု သိရသည်။