ကရင်ပြည်နယ် ဘားအံမြို့နယ်၊ တကောင်ဘို ကျေးနယ်အုပ်စုရှိ ဂျို့ပင်ဆိပ်ကျေးရွာ၊ မြိုင်ကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ မီးပုံးကျေးရွာတို့တွင် (၁)လ သူကြီး သို့မဟုတ် ၁၅ ရက်သူကြီးများ အုပ်ချုပ်စေပြီး KNU/KNLA သတင်းများရယူပေးပို့ရန် အာဏာသိမ်းစစ်ကောင်စီ၏ နယ်ခြားစောင့်တပ် (BGF)က ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါကျေးရွာ (၄)ရွာမှ ရပ်မိရပ်ဖများနှင့် ဂေါပကများကို မိတ်ထိလာ ကျေးရွာ( ဃို့ကုန်း)တွင် (BGF) ၁၀၁၄တပ်ရင်း၊ တပ်ခွဲမှူး တင်ဝင်းက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် ခေါ်ယူတွေ့ဆုံကာ အမိန့်ပေးညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု KNU ၏သတင်းပြန်ကြားရေးထုတ်ပြန်ချက်အရ သိရသည်။
ဂျို့ပင်ဆိပ်ကျေးရွာမှ တစ်လသူကြီး(၂) ဦး၊ မြိုင်ကျေးရွာမှ (၁)လ သူကြီး(၂)ဦး၊ မီးပုံးကျေးရွာမှ (၁)လသူကြီး(၄) ဦး၊ ကုန်းတန်းကြီးမှ (၁၅)ရက်သူကြီး(၃) ဦးကို အောက်တိုဘာလ (၅)ရက်နေ့ နောက်ဆုံးထားပြီး ရွေးချယ်ကြပြီး အဆိုပါ သူကြီးများအနေဖြင့် သက်ဆိုင်ရာ ကျေးရွာများတွင် KNU/KNLA တပ်ဖွဲ့များ သွားလာလှုပ်ရှားမှုတွေ့ပါက BGFတပ်ဖွဲ့ထံ ချက်ချင်းသတင်းပို့ရန် အမိန့်ပေးထားကြောင်း သိရသည်။
အဆိုပါ အာဏာသိမ်းစစ်ကောင်စီ၏ BGF က ပြီးခဲ့သည့် ဇူလိုင်လကလည်း ကျေးရွာများမှ တစ်ရွာလျှင်တစ်ယောက်နှုန်း စစ်မှုထမ်းရမည်ဟု ကျေးရွာလူကြီးများကို ပြောကြားခဲ့ဖူးကြောင်းလည်း သိရသည်။