စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း မြင်းသည်ကျေးရွာအုပ်စု ရွှေဘုံသာကျေးရွာတွင် အာဏာသိမ်းအဖွဲ့၏ လက်ပါးစေ စစ်သားများက ဝင်ရောက်မွှေနှောက်ရှာဖွေကာ ပစ္စည်းများခိုးယူသယ်ဆောင်သွားပြီး နေအိမ်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
၂၀၂၁ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့က ရွှေဘုံသာကျေးရွာရှိ နေအိမ်အား အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများက ဝင်ရောက်ရှာဖွေပြီး၊ ဆန်၊ဆီ နှင့် အိမ်တွင်းပစ္စည်းများကို ခိုးဝှက်ယူဆောင်သွားသလို နေအိမ်တစ်လုံးကိုလည်း ချိန်းဆော့ဖြင့် ဖြိုဖျက်သွားသည်ဟု ဝက်လက်မြို့နယ် PDF ၏ သတင်းမှန်ပြန်ကြားရေးမှ အောက်တိုဘာလ(၄)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။
အလားတူပင် မြင်းသည်ရွာမြောက်ပိုင်းရှိ နေအိမ်တစ်လုံးတွင်လည်း ဝင်ရောက်မွှေနှောက်ကာ ရှာဖွေသွားသည်ဟု သိရသည်။
စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ လက်ပါးစေများသည် မြင်းသည်ကျေးရွာအုပ်စုအပါအဝင် ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် PDF များကို ရှာဖွေသည်ဟု အကြောင်းပြကာ နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေပြီး ၎င်းတို့ သဘောကျသည့် ပစ္စည်းများကို ခိုးဝှက်သယ်ဆောင်သွားလေ့ရှိသည်ဟု ဒေသခံများထံက သိရသည်။