စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ညောင်ဇီးကုန်းကျေးရွာအုပ်စု၊ ကျီးကုန်းရွာတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့များ ရောက်လာ၍ ဒေသခံများ တိမ်းရှောင်နေရပြီးနောက် ကျေးရွာတွင်းမှ နေအိမ်များ မီးလောင်နေသည်ကို တွေ့နေရသည်ဟု သိရသည်။
“ဘယ်သူမှ သွားမကြည့်ရဲလို့ အိမ်ဘယ်လောက်လောင်နေလဲတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
ကျီးကုန်းကျေးရွာတွင် ယမန်နေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်၏ ယောက္ခမဖြစ်သူ ပျူစောထီးအဖွဲ့ဝင်ဟု ဒေသခံများကယူဆကြသည့် ဦးရဲမြင့်ဆိုသူ၏နေအိမ် မီးရှို့ခံရပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဆိုင်ကယ်၊ ကားတို့ဖြင့် အင်အားအများအပြား အဆိုပါကျေးရွာသို့ ရောက်လာကြခြင်းဖြစ်သည်ဟု သိရသည်။
၎င်းတို့ရောက်လာပြီးနောက် နံနက် (၁၀) နာရီဝန်းကျင်မှစ၍ ကျေးရွာအတွင်းမှ နေအိမ်များ မီးလောင်သည်ကို တွေ့ကြရခြင်းဖြစ်ပြီး အခြေအနေအသေးစိတ်ကို ဒေသခံများက အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။