ပြည်သူ့ခုခံတော်လှန်ရေးစစ်ကြေညာ လိုက်သည့် (၁၁)ရက်အတွင်း စစ်ကိုင်းတွင် တိုက်ပွဲအများဆုံး ဖြစ်ပွားပြီး ရန်ကုန်တိုင်းတွင် ဖောက်ခွဲမှု အများဆုံး ဖြစ်ပွား
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂၀၂၁ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့က စ၍ ပြည်သူ့ခုခံတော်လှန်ရေးစစ်(Peoples Defensive War)စတင်ကြောင်း ကြေညာလိုက်ပြီးနောက် ရက်ပေါင်း (၁၁)ရက်အတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုက်ပွဲ(၂၈)ကြိမ်ဖြစ်ပွားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖောက်ခွဲမှု အကြိမ်ပေါင်း (၁၀၁)ကြိမ် ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာလ(၁၈)ရက်နေ့ ညပိုင်းတွင် NUG ၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာသည်။
၂၀၂၁ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့မှ စက်တင်ဘာလ(၁၈)ရက်နေ့အထိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဆန္ဒပြပွဲ အများဆုံးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက (၁၄၅)ကြိမ်ရှိပြီး ဒုတိယအနေဖြင့် မန္တလေးတိုင်းဒေသကြီးက အကြိမ်(၉၀)ရှိကာ တတိယအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးက (၄၉)ကြိမ်ရှိခဲ့သည်။
ဗုံးခွဲမှုများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖောက်ခွဲမှု အကြိမ်ပေါင်း (၁၀၁)ကြိမ်၊ ဒုတိယအများဆုံးအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးက (၃၉)ကြိမ်၊ တတိယအများဆုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးက (၃၄)ကြိမ် ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုက်ပွဲ(၂၈)ကြိမ်ဖြစ်ပွားပြီး ဒုတိယအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း အကြိမ်(၂၀)၊ တတိယအများဆုံးအနေဖြင့် ကယားပြည်နယ်က (၁၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် တိုက်ပွဲအရေအတွက်၊ ဖောက်ခွဲမှုနှင့် ဆန္ဒပြပွဲ အရေအတွက်များမှာ အနီးစပ်ဆုံးစာရင်းများသာဖြစ်ပြီး မြေပြင်တွင် ယခုထက် ပို၍ စာရင်းများနိုင်ကြောင်းလည်း သိရသည်။