မကွေးမြို့ရှိ ပြည်ခိုင်ဖြိုးရုံးရှေ့ ဗုံးပေါက်ကွဲ၍ ကလေးတစ်ဦးသေဆုံး၊ မြို့အဝင်အထွက် ပိတ်ပြီး စစ်ဆေးနေ

မကွေးမြို့ရှိ ပြည်ခိုင်ဖြိုးရုံးရှေ့ ဗုံးပေါက်ကွဲ၍ ကလေးတစ်ဦးသေဆုံး၊ မြို့အဝင်အထွက် ပိတ်ပြီး စစ်ဆေးနေ
စက်တင်ဘာ 14, 2021

မကွေးမြို့ရှိ မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး (၅)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ (၁)ဦး ဒဏ်ရာရရှိသွား၍ မြို့အဝင်အထွက်ကို ပိတ်ပြီး စစ်ဆေးနေကြောင်း သိရသည်။ 

"ကြံ့ခိုင်ရေးရုံးရှေ့ပေါက်တာပါ။ အခုတော့ မကွေးမြို့ အဝင်အထွက် အားလုံး ပိတ်လိုက်ပါပြီ။ မြို့ပတ်လမ်းမှာ စစ်ကားတွေအများကြီးနေရာချထားပါတယ်။"ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက ဗုံးကွဲမှုကြောင့် အဆိုပါရုံးရှေ့ရှိ ကွမ်းယာဆိုင်မှ ကလေးငယ်တစ်ဦးမှာ သေဆုံးသွားပြီး ပန်းရံလုပ်သည့် လူငယ်တစ်ဦးသည် ဝမ်းဗိုက်နှင့် ခြေထောက်များကို ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

ယင်းဖြစ်စဉ်ကြောင့် မကွေးမြို့တွင်း၌ အာဏာသိမ်းစစ်တပ် နှင့် ရဲတို့က ကား/ဆိုင်ကယ်မှန်သမျှကို စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။