မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ဝေယံဘုံမြင့်ဘုန်းကြီးကျောင်းအတွင်းရှိ အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင် ဗုံးခွဲခံလိုက်ရကြောင်း သိရသည်။
မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်၊ ဝေယံဘုံမြင့်ဘုန်းကြီးကျောင်းအတွင်းရှိ Mytel တာဝါတိုင် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၅)နာရီအချိန်က ဗုံးပေါက်ကွဲကာ ပျက်စီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
အသံက အုန်း ဆိုပြီး အကျယ်ကြီးပဲ၊ မြေကြီးတွေပါ တုန်တယ်၊ ဗုံးပေါက်ပြီးတော့လည်း သေနတ်(၂)ချက် ပစ်သံကြားတယ်
ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
မကွေးတိုင်းဒေသကြီးအတွင်း၌ ယခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်၏ စီးပွားလုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel တာဝါတိုင် အများအပြား ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။