အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ဌာနများမှ ဒုညွှန်နှင့်အောက် ဝန်ထမ်းများ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့မှစ၍ အင်အား တစ်ဝက်ဆီ နှစ်ပတ် ရုံးတက်၊ နှစ်ပတ် နေအိမ်မှ အလုပ်လုပ်ကြရန် ထုတ်ပြန်လိုက်သည်။
နေအိမ်မှ နှစ်ပတ် အလုပ် လုပ်ကြသည့် ကာလအတွင်း ဝန်ထမ်းများအနေဖြင့် မိမိနေထိုင်ရာနေရာမှ ကျန်းမာရေးအတွက်နှင့် ဈေးဝယ်ခြင်းမှလွဲ၍ ပြင်ပသို့ မထွက်ကြရန်နှင့် မဖြစ်မနေ ခရီးထွက်ရန်ရှိပါက တာဝန်ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက်လိုမည်ဟု ညွန်ကြားထားပြီး လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ဟု ညွှန်ကြားထားသည်ကို တွေ့ရသည်။
အလားတူ အခြေခံပညာကျောင်းများကိုလည်း စက်တင်ဘာလ (၂၄) ရက်နေ့အထိ ယာယီပိတ်မည်ဟု ထပ်မံ၍ ကြေညာထားသည်။
အာဏာသိမ်းအဖွဲ့က အာဏာသိမ်းပြီးချိန်တွင် နိုင်ငံတွင်း COVID 19 ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်မလုပ်တော့ဘဲ ကျောင်းများ၊ ဘုရားများပြန်လည်ဖွင့်လှစ်ခြင်း၊ ခရီးသွားလာခွင့်ပြုခြင်းအပါအဝင် ယခင်က ရောဂါကာကွယ်ရေးအတွက် ကန့်သတ်ထားသည်များကို ပယ်ဖျက်ခဲ့ရာမှ COVID 19 တတိယလှိုင်း ထိန်းမနိုင်သိမ်းမရဖြစ်လာချိန်၌ ယခင်ကန့်သတ်ချက်များအတိုင်း ပြန်လည်လုပ်ဆောင်လာသည်ကို တွေ့ရသည်။