နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း PDF လက်ချက်ဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၁၁)ဦး ဝန်းကျင် သေဆုံး

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း PDF လက်ချက်ဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၁၁)ဦး ဝန်းကျင် သေဆုံး
စက်တင်ဘာ 2, 2021

နေပြည်တော်တွင် PDF လက်ချက်ဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က   (၁၁)ဦး ဝန်းကျင် သေဆုံး



နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ၂၀၂၁ခုနှစ် ဩဂုတ်လ(၃၀)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်စ၍ ဖြစ်ပွားသည့် PDF နှင့်  အာဏာသိမ်းစစ်ကောင်စီတပ် ထိတွေ့မှုများတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖက်က (၁၁)ဦးခန့် သေဆုံးကြောင်း နေပြည်တော်(PDF)က သတင်းထုတ်ပြန်လာသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)တပ်ရင်း (၈၀၁) တပ်ခွဲ(၄)နှင့် အထူးဒေသလက်နက်ကိုင်တပ်ဖွဲ့တို့၏ ပူးပေါင်းအဖွဲ့က  ညနေ(၄)နာရီဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်နေစဉ် ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးအုပ်စု၊ ဆိတ်ဖူးတောင် နှင့် လဘက်တောင်ကျေးရွာအကြား လွန်ထိုးကြီး၊ လွန်းထိုးလေးအတက်တွင် ညနေ(၄)နာရီအချိန်က အကြမ်းဖက် စစ်ကောင်စီယာဉ်တစ်စီး နှင့် ထိတွေ့မှုဖြစ်ပွားပြီးနောက်  ည(၇)နာရီဝန်းကျင်အချိန်တွင် အင်အားအလုံးအရင်းဖြင့် တက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဉ်တန်းအား ထပ်မံတိုက်ခိုက်ရာ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၁၁)ဦးဝန်းကျင် သေဆုံးကြောင်း ခန့်မှန်းထားပြီး နေပြည်တော်(PDF)ဘက်က အကျအရှုံးမရှိဘဲ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နေပြည်တော်)အနေဖြင့် အကြမ်းစစ်ကောင်စီအား ယခုလို တိုက်ခိုက်မှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူ့ဘက်တွင် ရပ်တည်ကာ CDM ပြုလုပ်လိုသော ပြည်သူ့စစ်သားများကိုလည်း လက်ကမ်းကြိုဆိုကာ ထိုက်သင့်သည့် ဆုကြေးငွေနှင့် လုံခြုံရေးဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နေပြည်တော်)အား နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်မှ လူငယ်များဖြင့်  ၂၀၂၁ခုနှစ်၊ မေလ(၅)ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။