စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများကို (၅) ရက်ကြာ ဝင်ရောက်စီးနင်းပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့တွင် ပြန်ထွက်လာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းမှာ ဒီပဲမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ လတ်တလောအတည်ပြုချက်အရ (၁) စီး မီးလောင်သွားသည်ဟု သိရသည်။
တန့်ဆည်မှ ထွက်ခွာသွားသည့် အာဏာသိမ်းစစ်တပ်၏ ယာဥ် (၂)စီးနှင့် ရေဦးမှ ထွက်ခွာသည့် စစ်တပ်ယာဉ် (၁) စီး စုစုပေါင်း (၃)စီးမှာ ညနေ (၃)နာရီဝန်းကျင် ဒီပဲယင်းမြို့နယ်အတွင်း ဖြတ်သန်းစဉ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ (၁)စီးမီးလောင်သွားကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် သြဂုတ်လ (၂၆) ရက်နေ့မှစ၍ ကပေါင်းကျကျေးရွာ၊ လိပ်ခြံကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ တပိုးကျေးရွာ၊ အိုင်လျားကျေးရွာ၊ နှမ်းခင်းကြီးကျေးရွာ၊ သစ်တော်ပေါက် တောင်ရွာနှင့် မြောက်ရွာ၊ သစ္စေးကုန်းကျေးရွာများကို ဝင်ရောက်စီးနင်းရှာဖွေပြီး မည်သည့်တပ်ဖွဲ့နှင့်မှ ထိတွေ့တိုက်ခိုက်ရခြင်းမရှိဘဲ တစ်ဖက်သတ် ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးရမှုများ ရှိခဲ့သည့်အပြင် ဖမ်းဆီးခေါ်ဆောင်ခံရသူများလည်းရှိကြောင်း သိရသည်။