စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က အင်အားဖြင့် (၅) ရက်တာ ဝင်ရောက်စီးနင်းမှုအတွင်း ကျေးရွာ (၈) ရွာမှ ဒေသခံများ ယာယီတိမ်းရှောင်ခဲ့ကြရကာ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်အဖွဲ့ ပြန်လည်ထွက်ခွာသွားပြီးနောက် ကျေးရွာအချို့တွင် သေဆုံး၊ ပျောက်ဆုံးသူများလည်းရှိနေကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်မှ ဩဂုတ်လ (၂၆) ရက်နေ့မှစ၍ (၂၉) ရက်နေ့အထိ တန့်ဆည်မြို့မြောက်ဖက်ရှိ ကပေါင်းကျကျေးရွာသို့ (၇) ကြိမ်မြောက်အဖြစ် ဝင်စီးနင်းပြီး ရွာထဲတပ်စွဲထားကာ ဒေသခံများ တိမ်းရှောင်နေကြသည့် တောဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ရွာတွင်းမီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ကပေါင်းကျရွာတွင် အာဏာသိမ်းစစ်တပ် (၄) ရက်တာ စီးနင်းမှုအတွင်း အမျိုးသမီး (၁)ဦး ဒဏ်ရာရကာ အမျိုးသား (၃) ဦးသေဆုံးခဲ့ရသည့်အပြင် အဆက်အသွယ်ပြတ်တောက်နေသူများလည်း ရှိနေကြောင်း သိရသည်။
ကပေါင်းကျကျေးရွာတွင် တပ်စွဲထားပြီး ဝင်ရောက်စီးနင်းသည့်ကာလမှာပင် အနီးဝန်းကျင် ကျေးရွာများကိုပါ ဆက်တိုက်ဝင်ရောက်စီးနင်းသဖြင့် ဩဂုတ်လ (၃၀) ရက်နေ့အထိ ကပေါင်းကျကျေးရွာ၊ လိပ်ခြံကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ တပိုးကျေးရွာ၊ အိုင်လျားကျေးရွာ၊ နှမ်းခင်းကြီးကျေးရွာ၊ သစ်တော်ပေါက် တောင်ရွာနှင့် မြောက်ရွာ၊ သစ္စေးကုန်းကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က တန့်ဆည်မြို့နယ်မြောက်ပိုင်းကျေးရွာများသို့ ဩဂုတ်လ (၂၆) ရက်နေ့မှ ဩဂုတ်လ (၃၀) ရက်နေ့အထိ (၅) ရက်တာ အင်အားသုံးဝင်ရောက်စီးနင်းမှုအတွင်း ကျေးရွာများ၊ စာသင်ကျောင်းများတွင် တပ်စွဲကာ အိမ်များကို မွှေနှောက်ဖျက်ဆီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ ယူဆောင်သွားခြင်း၊ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ လုပ်ဆောင်ခဲ့ပြီး ကပေါင်းကျကျေးရွာတွင် ဒေသခံများ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
တန့်ဆည်မြို့နယ်မြောက်ပိုင်းကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းသည့် (၅) ရက်တာအတွင်း မည်သည့်အဖွဲ့အစည်းနှင့်မှ ထိတွေ့ပစ်ခတ်ခြင်းမရှိဘဲ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်ဖက်သတ်ပစ်ခတ်မှုများသာရှိခဲ့ပြီး ဩဂုတ်လ (၃၀) ရက်နေ့ အထိ အရပ်သား (၃) ဦး သေဆုံးနှင့် (၁) ဦး ဒဏ်ရာရကိုသာ အတည်ပြုထားနိုင်ပြီး အဆက်အသွယ်ပြတ်တောက်သူများ ရှိနေဆဲဖြစ်သည်။
ကျေးရွာအချို့မှာ ဒေသခံများ တိမ်းရှောင်နေကြရဆဲဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု၊ ဖမ်းဆီးခံရမှု၊ သေဆုံးဒဏ်ရာရမှုအသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။
Photo: CJ