အခွန်ငွေကောက်ခံရရှိမှု နည်းပါးနေ၍ ဝန်ကြီးဌာနှင့်အဖွဲ့အစည်းများ ချွေတာသုံးရန် အာဏာသိမ်းအိမ်စောင့်အစိုးရအဖွဲ့မှ ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်အစိုးရ၏ ဝင်ငွေသည် အခွန်ငွေဖြစ်ပြီး စီးပွားရေးကျဆင်းမှုနှင့် လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများရှိသည့်အတွက် အခွန်ငွေကောက်ခံရရှိမှုများ နည်းပါးလျက်ရှိကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှု နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် မဖြစ်မနေသုံးစွဲရမည့် လုပ်ငန်း ကိစ္စရပ်များအပ အခြားကိစ္စရပ်များတွင် တတ်နိုင်သမျှချွေတာ သုံးစွဲရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အနေဖြင့် သောက်သုံးရေနှင့် လျှပ်စစ်မီး သုံးစွဲမှုများကို လေလွင့်မှုများမရှိအောင် စနစ်တကျသုံးစွဲကြရန် လိုအပ်ကြောင်း
ဩဂုတ်လ(၁၁)ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံ့အာဏာကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က (၁)နှစ်အာဏာထိန်းသည်ဟုပြောကာ အာဏာသိမ်းလိုက်ပြီး ၎င်းတို့ကို ဆန့်ကျင်သူ ပြည်သူပေါင်း (၉၀၀)ကျော်ကို ပစ်ခတ်ဖမ်းဆီးသတ်ဖြစ်ပြီး ဆန့်ကျင်သူများထဲက ပြည်သူ (၇၀၀၀)ကျော်ကိုဖမ်းဆီးခဲ့ပြီး (၆)လပြည့်သည့် ဩဂုတ်လ(၁)ရက်နေ့တွင် လုပ်စရာများ ကျန်ရှိနေသည်ဟု ဆိုကာ အိမ်စောင့်အစိုးရအဖြစ် ၂၀၂၃အထိ တိုးမြှင့်ကာ ဝန်ကြီးဌာနများ တိုးချဲ့ဖွဲ့စည်းပြီးနောက် အာဏာသိမ်းအဖွဲ့၏ အိမ်စောင့်အစိုးရအစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာဌေးအောင်၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်ဟု ဖော်ပြထားသည်။