အာဏာသိမ်းစစ်ကောင်စီက တိုင်းနှင့်ပြည်နယ်ဝန်ကြီးများ ခန့်အပ်ပြီး ရဲမှူးကြီး ရဲမှူးချုပ်များကို ဝန်ကြီး တစ်နေရာစာပေးထား

အာဏာသိမ်းစစ်ကောင်စီက တိုင်းနှင့်ပြည်နယ်ဝန်ကြီးများ ခန့်အပ်ပြီး ရဲမှူးကြီး ရဲမှူးချုပ်များကို ဝန်ကြီး တစ်နေရာစာပေးထား
သြဂုတ် 2, 2021

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံ့အာဏာသိမ်းပြီး (၆)လပြည့်တွင် တိုင်းနှင့်ပြည်နယ်များတွင် စစ်ကောင်စီဝင်အစား ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပြီး တိုင်းနှင့်ပြည်နယ်များရှိ   ရဲမှူးကြီး ရဲမှူးချုပ်များကိုလည်း ဝန်ကြီးတစ်နေရာစာ ပေးလိုက်ကြောင်း သိရသည်။

အာဏာသိမ်းစဉ်က ခန့်အပ်ထားသည့် တိုင်းနှင့်ပြည်နယ် စစ်ကောင်စီ ဥက္ကဌများကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် ဝန်ကြီးဌာန (၆)ခုကို ဖွဲ့စည်းလိုက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနနေရာတွင် ယခင်လို စစ်တပ်ဘက်က ဗိုလ်မှူးကြီးအဆင့်ရှိသူများကိုထားရှိပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများနေရာတွင် တိုင်းနှင့်ပြည်နယ်များ၏ ရဲတပ်ဖွဲ့မှူး   ရဲမှူးကြီး ရဲမှူးချုပ်များကို ခန့်အပ်တာဝန်ပေးလိုက်ခြင်း ဖြစ်ကြောင်း နှင့် အဆိုပါ ရဲမှူးချုပ်များတွင် ပင်စင်ယူခါနီးများလည်း ပါဝင်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူက လက်မခံသော်လည်း အိမ်စောင့်အစိုးရအဖြစ် ၂၀၂၃ခုနှစ် ဩဂုတ်လအထိ နိုင်ငံ့အာဏာကို သိမ်းထားမည်ဟု ဩဂုတ်လ(၁)ရက်နေ့က ပြောကြားထားသည်။

 

#TachileikNewsAgency