လာအိုနိုင်ငံဘက်မှ နေရပ်ပြန်ခွင့်ရရန် မြန်မာတာဝန်ရှိသူများကို မဲခေါင်မြစ်ကမ်းဘေးတွင် အကူအညီတောင်းရင်း မြန်မာတစ်ဦး အအေးမိ သေဆုံး

လာအိုနိုင်ငံဘက်မှ နေရပ်ပြန်ခွင့်ရရန် မြန်မာတာဝန်ရှိသူများကို မဲခေါင်မြစ်ကမ်းဘေးတွင် အကူအညီတောင်းရင်း မြန်မာတစ်ဦး အအေးမိ သေဆုံး

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများက မဲခေါင်မြစ်တစ်ဖက်ကမ်းရှိ မြန်မာဘက်သို့ ပြန်ခွင့်ရရန် မြန်မာဘက် တာဝန်ရှိသူများ၏ အကူအညီကို မိုးရွာနေသည့်ကြားမှ နှစ်ရက်ကြာစောင့်ဆိုင်းရင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံသားတစ်ဦး မြစ်ကမ်း၌ပင် နဂိုဖျားနာမှုနှင့်အတူ အအေးမိပြီး သေဆုံးသွားရကြောင်း သိရသည်။

လာအိုရွာက တာဝန်ရှိသူတွေက ပြန်ရပြီဆိုတော့ ပြန်ကြတာ။ ဟိုဖက် ဒီဖက် အချိတ်အဆက်မရှိတော့ ဒုက္ခတွေရောက်ကုန်တာ။ ပြန်တဲ့နေ့ကတည်းက ဖျားနေတာ။ အဲဒီနေ့ညက မိုးတွေ တစ်ညလုံးရွာတာ။ အိပ်စရာနေရာက မရှိတော့ စောင်းတန်းလေးမှာ နေကြတာ။ ဖျားနေတဲ့သူဆိုတော့ဗျာ ပိုဆိုးသွားတာ။ အဲဒီနေ့ကတည်းက မြန်မာပြည်ဘက် ကူးရရင်တော့ မသေလောက်ဘူးပေါ့

ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက  တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် ပြောသည်။

 

သေဆုံးသွားသည့် အသက်(၃၁)နှစ်အရွယ် ကိုဇော်မျိုး (ခ) တွတ်နီသည် နေမကောင်းဖြစ်နေ၍ နေရပ်ပြန်လိုသူဖြစ်ပြီး မြစ်ကမ်းဘေးတွင် တစ်ညလုံး မိုးရေထဲစောင့်ဆိုင်းရင်း နောက်တစ်နေ့ နံနက်တွင် သတိလစ်သွားကာ ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ မြန်မာ(ရခိုင်)ရွာမှ မြန်မာလုပ်သားများကို အထူးစီးပွားရေးဇုန်ကုမ္ပဏီက နေရာရွှေ့ပြောင်းခိုင်း၍ အခက်အခဲဖြစ်နေကြစဉ်  အဆိုပါ ရွာအုပ်ချုပ်ရေးအတွက် ကုမ္ပဏီကခန့်ထားသည့် မြန်မာတာဝန်ရှိသူများက နေရပ်ပြန်လိုပါက လမ်းလျှောက်ပြန်ကြရန် ဇူလိုင်လ (၂၂) ရက်နေ့ကပြောသဖြင့် ကားဖြင့်နာရီဝက်ခန့်သွားရသည့်အကွာအဝေးတွင်ရှိသည့် မဲခေါင်မြစ်ကမ်းသို့ နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများ လမ်းလျှောက်ထွက်ခွာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်တစ်ဖက်ကမ်းရှိ မြန်မာတာဝန်ရှိသူများက လက်ခံပေးရန် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများက  မိုးရွာနေသည့်ကြားမှ မြစ်ကမ်းတွင် ဇူလိုင်လ (၂၃) ရက်နေ့အထိစောင့်ဆိုင်းခဲ့ကြသော်လည်း နေရပ်ပြန်ခွင့်မရကြဘဲ တောင်ခြေရှိ Quarantine Center သို့ ပို့ဆောင်ခံရကာ ကိုဇော်မျိုး (ခ) တွတ်နီမှာ မဲခေါင်မြစ်ကမ်းတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

အခုချိန်ကတော့ မြန်မာအာဏာပိုင်တွေကိုပဲ ပြောရမှာပဲ။ သူတို့ သိအောင်ပြောပေးပါ။ မလေးရှားထိတောင် ဆီကုန်ခံပြီး သွားခေါ်သေးတာပဲ။ လာအိုဆိုတာ ခဲနဲ့ထုရင်တောင်ရောက်တယ်။ ဆီမကုန်ပါဘူး။ ဒီမှာ ခေါက်ဆွဲခြောက်ကို ထမင်းလုပ်စားနေရတာ (၃)လပြည့်တော့မယ်။ သေမယ်ဆိုရင်လည်း မြန်မာပြည်ကိုခြေချပြီး သေချင်တာ။ မနေ့က စောင့်နေတာဆို ကလေးပေါက်စလေး‌တွေပါ ပါတယ်။ ကလေးအမေတွေဆို ဒီခရီးကို လမ်းလျှောက်ပြီးလာကြတာ။ ကျွန်တော်တို့လည်း ကလေးဝိုင်းချီပေးတာကလွဲလို့ ဘာမှ မကူနိုင်ဘူး။ စာရင်းပေးပြီးသားရော မပေးရသေးသူတွေပါ ပြန်ချင်ပါတယ်။ အမြန်ကူညီပေးကြပါဦး

ဟု နေရပ်ပြန်ခွင့်ရရန် စာရင်းပေး၍ လပေါင်းများစွာ စောင့်ဆိုင်းနေသည့် မြန်မာလုပ်သားတစ်ဦးက ပြောသည်။

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများမှာ တရားဝင်အလုပ် လုပ်ကိုင်ခွင့်ဖြင့် သွားရောက်ရသူများ မဟုတ်၍  အခွင့်အရေးဆုံးရှုံးမှုများရှိနေသည့်အပြင် မိခင်နိုင်ငံနှင့် ရောက်ရှိနေသည့် နိုင်ငံတို့မှ ဥပဒေအကာအကွယ်လည်း မရရှိဘဲ ဖြစ်နေကြခြင်းဖြစ်သည်။